Genesis 25
25:1 တစ်ဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသောမိန်းမနှင့်စုံဖက်၍၊
25:2 ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဖွားမြင်လေ၏။
25:3 ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ်လူတည်း။
25:4 မိဒျန်သားကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ်ဖြစ်ကြသတည်း။
25:5 အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အားပေးလေ၏။
25:6 မယားငယ်တို့၌ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလာဘ်များကိုဝေပေး၍၊ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
25:7 ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တစ်ရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
25:8 အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
25:9 သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌ အဘကိုသင်္ဂြိုဟ်ကြ၏။
25:10 ဟေသအမျိုးသားတို့အား အဖိုးပေး၍ အာဗြဟံဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။
25:11 အာဗြဟံသေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းချီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာနေသတည်း။
25:12 စာရာ၏ကျွန်မ၊ အဲဂုတ္တုအမျိုးသားဟာဂရဖွားမြင်သော အာဗြဟံသား ဣရှမေလ၏သားစဉ်မြေးဆက်တည်းဟူသော၊
25:13 မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နဗာယုတ်။ ထိုနောက်ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
25:14 မိရှမ၊ ဒုမာ၊ မာစ၊
25:15 ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊
25:16 ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသောသူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသောမင်းဆယ်နှစ်ပါးဖြစ်သတည်း။
25:17 ဣရှမေလသည် အသက်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏။
25:18 သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း၊ ဟဝိလမြို့မှစ၍၊ အဲဂုတ္တုပြည်အရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏နေရာသည်၊ မိမိညီအစ်ကိုအပေါင်းအနား၌ ကျသတည်း။
25:19 အာဗြဟံသားဣဇာက်၏အဆက်အနွယ်ဟူမူကား၊ အာဗြဟံသားကား ဣဇာက်တည်း။
25:20 ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူလာဗန်၏နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
25:21 ဣဇာက်သည်၊ မိမိမယားရေဗက္ကမြုံသောကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရားနားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
25:22 ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်းတိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှာသွားလေ၏။
25:23 ထာဝရဘုရားကလည်း၊ သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသောလူစုနှစ်စုကို ဖွားရလိမ့်မည်။ လူတစ်မျိုးသည် တစ်မျိုးထက်အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
25:24 ဖွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာရှိသဖြင့်၊
25:25 အဦးဖွားသောသားသည်၊ အမွေးပါသောအဝတ်ကဲ့သို့ဖြစ်၍၊ တစ်ကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသောဟူသောအမည်ဖြင့် မှည့်ကြ၏။
25:26 ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ဖနှောင့်ကိုကိုင်လျက် ဖွားလာ၏။ သူ့ကိုကား၊ ယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဖွားသောအခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
25:27 သူငယ်တို့သည်ကြီးပွား၍၊ ဧသောကား လိမ္မာသောတောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။
25:28 ဣဇာက်သည်၊ ဧသောပေးသောအမဲသားကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကိုချစ်၏။
25:29 တစ်နေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသောကြောင့်၊
25:30 ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကိုကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကိုဧဒုံဟုတွင်သတည်း။
25:31 ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦးအရာကို၊ ငါ့အားရောင်းပါဟုဆိုလျှင်၊
25:32 ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုးရှိပါလိမ့်မည်နည်းဟုဆို၏။
25:33 ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်းကိုပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကိုရောင်းလေ၏။
25:34 ထိုအခါ ယာကုပ်သည်၊ မုန့်နှင့် ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။