Genesis 29
29:1 တစ်ဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင်၊
29:2 မျှော်ကြည့်၍ တောစ၌ ရေတွင်းတစ်ခုကိုမြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစုအိပ်လျက်ရှိ၏။ ရေတွင်းဝပေါ်မှာ ကြီးစွာသောကျောက်ရှိ၏။
29:3 သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌စုဝေးသောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်၍၊ သိုးများကိုရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တစ်ဖန်တင်ထားလေ့ရှိ၏။
29:4 ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊ ငါတို့သည် ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏။
29:5 တစ်ဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟုမေးလျှင်၊ သိ၏ဟုပြန်ဆိုသော်၊
29:6 သူသည်မာပါ၏လောဟု တစ်ဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏။
29:7 ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။
29:8 သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကိုရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟုပြန်ဆိုကြ၏။
29:9 ထိုသို့တစ်ဦးနှင့် တစ်ဦးနှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည်ဖြစ်၍၊ သိုးတို့ကိုဆောင်လျက်လာ၏။
29:10 ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏သိုးတို့ကို ရေတိုက်လေ၏။
29:11 ထိုနောက်၊ ယာကုပ်သည် ရာခေလကိုနမ်း၍၊ ကျယ်သောအသံနှင့်ငိုလေ၏။
29:12 မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သားဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအားပြန်ကြားလေ၏။
29:13 လာဗန်သည် မိမိတူယာကုပ်၏ သတင်းစကားကိုကြားသောအခါ၊ ကြိုဆိုခြင်းငှာ အလျင်အမြန်သွား၍၊ ပိုက်ဖက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကိုကြားပြောလျှင်၊
29:14 လာဗန်က၊ အကယ်စင်စစ် သင်သည်ငါ့အရိုးအသားပင်ဖြစ်၏ဟု ဆိုလေ၏။
29:15 ယာကုပ်သည် တစ်လခန့်မျှနေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ကျွန်ခံရပါမည်လော။ ခံလိုသောအခကို ငါ့အားပြောလော့ဟု ဆိုလေ၏။
29:16 ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။
29:17 လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။
29:18 ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှာ၊ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊
29:19 လာဗန်က၊ အခြားသောသူအား ပေးစားသည်ထက်၊ သင့်အားပေးစားသော် သာ၍ကောင်း၏။ ငါနှင့်အတူနေလော့ဟုဆို၏။
29:20 ယာကုပ်သည်လည်း၊ ရာခေလကိုရခြင်းငှာ ခုနစ်နှစ်အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ထင်မှတ်သတည်း။
29:21 ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့်ဆက်ဆံဖို့ရာပေးစားပါဟု လာဗန်အားဆိုလျှင်၊
29:22 လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်းတို့ကိုစည်းဝေးစေ၍ ပွဲလုပ်လေ၏။
29:23 ညဉ့်ဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကိုသမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကိုဆောင်သွင်း၍၊ ယာကုပ်သည်သူနှင့်ဆက်ဆံလေ၏။
29:25 နံနက်အချိန်ရောက်မှ ယာကုပ်သည်ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန်ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည်ရာခေလကိုရခြင်းငှာ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟုဆိုသော်၊
29:26 လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကိုမပေးစားမီ၊ အငယ်ကိုမပေးစားရ။
29:27 ခုနစ်ရက်စေ့အောင်ငံ့ဦးလော့။ နောက်တစ်ဖန် ခုနစ်နှစ်အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အားပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊
29:28 ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကိုလက်ဖွဲ့လျက်၊ သမီးရာခေလကိုပေးစားလေ၏။
29:30 ယာကုပ်သည် ရာခေလနှင့်ဆက်ဆံ၍၊ လေအာကိုချစ်သည်ထက်သာ၍ချစ်၏။ လာဗန်ထံမှာ တစ်ဖန်ခုနစ်နှစ်အစေခံလေ၏။
29:31 လေအာသည်အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ရာခေလမူကားမြုံ၏။
29:32 လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဖွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန်ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။
29:33 တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။
29:34 တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဖွားမြင်သောကြောင့်၊ ယခုတစ်ခါသူသည် ငါနှင့် ပေါင်းဖော်လိမ့်မည်ဟုဆို၍၊ ထိုသားကို လေဝိအမည်ဖြင့်မှည့်လေ၏။
29:35 တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည်ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍မဖွားဘဲနေ၏။