Genesis 49
49:1 ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကိုခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလအခါ၊ သင်တို့၌ ဖြစ်လတ္တံ့သောအမှုအရာများကို ငါဟောပြောမည်။
49:2 ယာကုပ်၏သားတို့၊ စည်းဝေး၍ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
49:3 အိုရုဗင်၊ သင်သည် ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းအထွတ်၊ တန်ခိုးအထွတ်ဖြစ်၏။
49:4 သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။
49:5 ရှိမောင်နှင့် လေဝိသည်ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကိုကြံသည်အတိုင်း ပြီးစီးကြပြီ။
49:6 ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်းအမှုထဲသို့ မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့်အသင်းမဖွဲ့ရ။ သူတို့သည်အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍မြို့ကိုဖြိုဖျက်ကြပြီ။
49:7 သူတို့ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသောဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
49:8 အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာဦးညွှတ်ချကြလိမ့်မည်။
49:9 ယုဒသည် ခြင်္သေ့ပျိုဖြစ်၏။ ငါ့သား၊ သင်သည်ဖမ်းယူကိုက်စားရာမှ တက်လာတတ်၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်တွားတတ်၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။
49:10 ရှိလောမရောက်မီတိုင်အောင်၊ ရာဇလှံတံသည်ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
49:11 မိမိမြည်းကိုစပျစ်နွယ်ပင်၌လည်းကောင်း၊ မြည်းကလေးကိုအမြတ်ဆုံးသော စပျစ်နွယ်ပင်၌လည်းကောင်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေးတည်းဟူသောစပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
49:12 သူ၏မျက်စိသည် စပျစ်ရည်နှင့်နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
49:13 ဇာဗုလုန်သည် ပင်လယ်ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
49:14 ဣသခါသည်တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
49:15 ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။
49:16 ဒန်သည် ဣသရေလအနွယ်တစ်စုံတစ်ပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။
49:17 ဒန်သည် လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှာ လမ်းကြားမှာနေ၍၊ မြင်းခြေကိုကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။
49:18 အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မျှော်လင့်လျက်နေပါပြီ။
49:19 ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
49:20 အာရှာ၌ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဖွယ်စားဖွယ်တို့ကို ထုတ်ပေးလိမ့်မည်။
49:21 နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
49:22 ယောသပ်သည်သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာကျော်သွားကြ၏။
49:23 လေးသမားတို့သည် သူ့ကိုအငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
49:24 သို့သော်လည်း သူ၏လေးသည်အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရား၏လက်ဖြင့်လည်းကောင်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်လည်းကောင်း၊
49:25 သင့်ကိုမစတော်မူသော သင့်အဘ၏ဘုရားသခင်အားဖြင့်လည်းကောင်း၊ သင့်ကို ကောင်းချီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်လည်းကောင်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကိုကောင်ချီးပေးတော်မူပါစေသော။
49:26 သင်၏အဘပေးသောကောင်းချီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းချီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဖွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
49:27 ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သောတောခွေးဖြစ်လိမ့်မည်။ ဖမ်းရသောအရာကို နံနက်အချိန်၌ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ဝေဖန်လိမ့်မည်ဟု မြွက်ဆို၏။
49:28 ဤသူတို့ကား၊ ဣသရေလအမျိုးဆယ်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့အသီးအသီးခံရသောမင်္ဂလာရှိသည်အတိုင်း၊ ကောင်းချီးပေးသောစကားပေတည်း။
49:29 တစ်ဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။
49:30 ခါနာန်ပြည်မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဖို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
49:31 ထိုမြေတွင်း၌ အာဗြဟံနှင့်မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်းသင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်းငါသင်္ဂြိုဟ်ပြီ။
49:32 ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသအမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
49:33 ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင်မှာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။