Genesis 7
7:1 ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တစ်ဖန်မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
7:2 မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ်စေခြင်းငှာ၊ စင်ကြယ်သော သားမျိုး၊ တစ်မျိုးတစ်မျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမနှစ်စုံစီ၊
7:3 မိုးကောင်းကင်ငှက်၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီးတို့ကို သိမ်းယူရမည်။
7:4 အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုးရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရားမှာထားတော်မူ၏။
7:5 မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။
7:6 မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။
7:7 ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊
7:8 ဘုရားသခင်မှာထားတော်မူသည်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များအထဲက၊
7:9 အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
7:10 ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ပေါ်လာ၏။
7:11 နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍၊ မိုးကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊
7:12 အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာမိုးရွာလေ၏။
7:13 ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။
7:14 သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊
7:15 အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြလေ၏။
7:16 ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသောတိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာပိတ်ထားတော်မူ၏။
7:17 ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်းတိုးတက်၍၊ သင်္ဘောကို မြေမှခွာလျက် ဆောင်ယူလေ၏။
7:18 တစ်ဖန်ရေသည်အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။
7:19 နောက်တစ်ဖန်ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသောတောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။
7:20 ရေမြုပ်သောတောင်တို့အထက်၌ လွှမ်းတက်သောရေသည် ဆယ်ငါးတောင်ရှိသတည်း။
7:21 မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
7:22 အသက်ရှူလျက် ကုန်းပေါ်မှာရှိလေသမျှတို့သည် သေကြကုန်၏။
7:23 မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိရှိသမျှတို့ကို မြေကြီးပေါ်ကပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကျန်ကြွင်းကြလေ၏။
7:24 ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်း တစ်ရာငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။