2 Samuel 8
8:1 ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။
8:2 မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစ်စုကိုချမ်းသာပေး၏။ ထိုသို့ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
8:3 ဇောဘမင်းကြီး ရဟောဘ၏သား ဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကို သိမ်းယူခြင်းငှာ သွားသောအခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊
8:4 ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဖမ်းဆီး၍ ရထားတစ်ရာကို သိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။
8:5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကိုသတ်ပြီးမှ၊
8:6 ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကိုထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။
8:7 ဟာဒဒေဇာ၏ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
8:8 ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
8:9 ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည်ကြားလျှင်၊
8:10 မိမိရန်သူ ဟာဒဒေဇာကို ဒါဝိဒ်သည်စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိတ်သဟာယဖွဲ့၍ ကောင်းချီးပေးစေခြင်းငှာ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါဖလားတို့ကို ဆောင်လျက်လာ၏။
8:11 ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူ အောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကိုလည်းကောင်း၊
8:12 ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ဘဏ္ဍာကိုလုယူ၍ ရသောရွှေငွေကိုလည်းကောင်း၊ ထာဝရဘုရားအား ပူဇော်၏။
8:13 ဆားချိုင့်တွင် ဧဒုံလူ တစ်သောင်းရှစ်ထောင်တို့ကိုလုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေကြီး၏။
8:14 ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။
8:15 ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော်မူ၏။
8:16 ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
8:17 အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
8:18 ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း မင်းသားအရာနှင့် နေကြ၏။