1 Chronicles 27
27:1 ရှင်ဘုရင်အမှုတော်ကို စောင့်သော ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တစ်နှစ်တွင် တစ်ဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တစ်လစီတစ်လစီ အလှည့်လှည့်စောင့်ရသော တပ်သားအမှုထမ်း နှစ်သောင်းလေးထောင်စီ ရှိကြ၏။
27:2 ပထမလတွင် ပထမတပ်ကိုအုပ်သော ဗိုလ်မင်းကား၊ ဇာဗဒေလသား ယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:3 ထိုမင်းသည် ဖာရက်အမျိုးသားဖြစ်၍၊ ပထမလတွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။
27:4 ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ်သောဗိုလ်မင်းကား၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:5 တတိယလနှင့်ဆိုင်သော တတိယတပ်ဗိုလ်မင်းကား၊ ယဇ်ပုရောဟိတ်မင်းကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:6 ထိုမင်းသည် ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူ ဖြစ်၏။ သူ၏သား အမိဇဗဒ်သည်လည်း တပ်မှူးအရာကိုရ၏။
27:7 စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘညီအာသဟေလ၊ စစ်ကဲကား အာသဟေလသားဇေဗဒိ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:8 ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:9 ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့သား၊ ဣကေရှ၏သား ဣရ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:10 သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပေလောနိအနွယ်ဖြစ်သော ဟေလက်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:11 အဋ္ဌမလတွင် အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး၊ ဟုသိရှအနွယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:12 နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန်အမျိုး၊ အနေသောသိအနွယ်ဖြစ်သော အဗျေဇာ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:13 ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:14 ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပိရသောနိအနွယ်ဖြစ်သော ဗေနာယ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:15 ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလအမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
27:16 ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်သောမင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။
27:17 လေဝိအမျိုးတွင် ကေမွေလ၏သား ဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊
27:18 ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု၊ ဣသခါ အမျိုးတွင် မိက္ခေလ၏သား ဩမရိ၊
27:19 ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သား ဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊
27:20 ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက်တွင် ပေဒါယ၏သား ယောလ၊
27:21 ဂိလဒ်ပြည်၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ၏သား ဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊
27:22 ဒန်အမျိုးတွင် ယေရောဟံ၏သား အာဇရေလ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေတည်း။
27:23 ထာဝရဘုရားသည် ဣသရေလအမျိုးတို့ကို မိုးကောင်းကင်ကြယ်နှင့်အမျှ တိုးပွားများပြားစေတော်မူမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်သည် အသက်နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲနေ၏။
27:24 ဇေရုယာသား ယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုးအပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏မှတ်စာ၌ မသွင်းမမှတ်။
27:25 အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော်စိုးဖြစ်၏။ ဩဇိသားယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ရှိသော ဘဏ္ဍာတိုက်တို့ကိုအုပ်ရ၏။
27:26 ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သောသူတို့ကို အုပ်ရ၏။
27:27 ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကိုလည်းကောင်း၊ ရှိဖမိမြို့သား ဇဗဒိသည် စပျစ်သီးနှင့် စပျစ်ရည်တိုက်တို့ကိုလည်းကောင်း အုပ်ရ၏။
27:28 ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့၌ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကိုလည်းကောင်း၊ ယောရှသည် ဆီတိုက်တို့ကိုလည်းကောင်း အုပ်ရ၏။
27:29 ရှာရုန်အရပ်သား ရှိတရဲသည် ရှာရုန်အရပ်၌ ကျက်စားသောနွားစုကိုလည်းကောင်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ကျက်စားသော နွားစုကိုလည်းကောင်း အုပ်ရ၏။
27:30 ဣရှမေလအမျိုးသား ဩဗိလသည် ကုလားအုတ်တို့ကိုလည်းကောင်း၊ မေရောနသိလူ ယေဒေယသည် မြည်းတို့ကိုလည်းကောင်း၊
27:31 ဟာဂရအမျိုးသားယာဇဇ်သည် သိုးတို့ကိုလည်းကောင်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာဘဏ္ဍာတော်ကို အုပ်ရသောသူပေတည်း။
27:32 ဒါဝိဒ်၏ဘထွေးတော် ယောနသန်သည် တိုင်ပင်မှူးမတ် ပညာရှိကျမ်းတတ်ဖြစ်၏။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင်၏သားတော်တို့ အပေါင်းအဖော်ဖြစ်၏။
27:33 အဟိသောဖေလသည် ရှင်ဘုရင်၏တိုင်ပင်မှူးမတ်၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင်၏အဆွေခင်ပွန်းဖြစ်၏။
27:34 အဟိသောဖေလနောက်မှာ အဗျာသာနှင့် ဗေနာယသားယောယဒသည် နေရာကျ၏။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ်၏။