Job 20
20:1 တစ်ဖန် နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
20:2 ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
20:3 ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းစကားကိုကြား၍၊ ငါ့ဉာဏ်သဘော နှိုးဆော်သဖြင့် ငါပြန်ပြောရ၏။
20:4 ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
20:5 ဆိုးသောသူသည် ကြာမြင့်စွာကာလ မဝါကြွားရကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက်ကြောင်းကိုလည်းကောင်း မသိသလော။
20:6 သူ၏ဘုန်းသည် မိုးပေါ်သို့တက်၍၊ သူ၏ခေါင်းသည် မိုးတိမ်တိုင်အောင် မီသော်လည်း၊
20:7 မိမိမစင်ကဲ့သို့ အစဉ်ပျက်ရလိမ့်မည်။ သူ့ကိုမြင်ဖူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
20:8 သူသည် အိပ်မက်ကဲ့သို့လွင့်ပြား၍ နောက်တစ်ဖန် မတွေ့ရ။ ညရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
20:9 သူ့ကိုမြင်ဖူးသောမျက်စိသည် နောက်တစ်ဖန် သူ့ကိုမကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက်တစ်ဖန် သူ့ကိုမမြင်ရ။
20:10 သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။
20:11 သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန်နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရကြလိမ့်မည်။
20:12 သူသည်မိမိပါးစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
20:13 နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပါးစပ်၌ ငုံသော်လည်း၊
20:14 စားပြီးလျှင် သူ၏ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
20:15 သူမျိုသောစည်းစိမ်ဥစ္စာကို တစ်ဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနုတ်တော်မူမည်။
20:16 သူသည် မြွေဆိုးအဆိပ်အတောက်ကိုစို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
20:17 အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသောမြစ်တို့ကို မမြင်ရ။
20:18 မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်းမရှိရ။
20:19 ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သောအိမ်ကို လုယူသောကြောင့်လည်းကောင်း၊
20:20 လောဘ မပြေနိုင်သောကြောင့်လည်းကောင်း၊ အလိုရှိသောဥစ္စာ တစ်စုံတစ်ခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
20:21 သူလုယူချင်သော လောဘလက်နှင့် အဘယ်အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
20:22 ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
20:23 သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကိုလွှတ်၍ သူစားစရာဖို့ အမျက်တော်မိုးကို ရွာစေတော်မူမည်။
20:24 သံလက်နက်ကို ရှောင်၍ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
20:25 မြားကိုနုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက်သောဓားသည် သူ၏သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
20:26 ခပ်သိမ်းသောဘေးတို့သည် သူ့အဖို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။
20:27 မိုးကောင်းကင်သည် သူ၏အပြစ်ကို ဖော်ပြ၍၊ မြေကြီးသည်လည်း သူ့တစ်ဖက်၌ထလိမ့်မည်။
20:28 သူ၏အိမ်၌ရှိသော ဥစ္စာသည် ကွယ်ပျောက်၍၊ အမျက်တော် ထွက်သောနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
20:29 ထိုသို့သောဆုလာဘ်ကို ဘုရားသခင်သည် လူဆိုးအားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရားသခင်ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။