Job 22
22:1 တစ်ဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
22:2 လူသည် မိမိပညာအားဖြင့် မိမိအကျိုးကိုပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
22:3 သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွားရှိတော်မူသလော။
22:4 သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော်မူမည်လော။ သင်နှင့် တရားတွေ့တော်မူမည်လော။
22:5 သင်ပြုသောဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
22:6 သင်သည် ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကိုလည်း ချွတ်ယူပြီ။
22:7 မောသောသူသောက်ဖို့ ရေကိုမပေး။ ငတ်မွတ်သောသူကို မကျွေး။
22:8 အားကြီးသောသူမူကား မြေကိုပိုင်ရ၏။ ဂုဏ်အသရေရှိသောသူသည် နေရသောအခွင့်ကိုရ၏။
22:9 သင်သည် မုဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကို ချိုးပြီ။
22:10 ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။
22:11 မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
22:12 ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှလောက် မြင့်ကြသည်တကား။
22:13 သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
22:14 မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။
22:15 ကာလအချိန်မစေ့မီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
22:16 အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဖို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍လည်းကောင်း၊
22:17 ဆိုတတ်သော အဓမ္မလူတို့ လိုက်ဖူးသောလမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော။
22:18 သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည်ဝန်မခံ။
22:19 ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူတို့ကို ကဲ့ရဲ့တတ်ကြ၏။
22:20 အကယ်စင်စစ် ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
22:21 ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိတ်သဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
22:22 နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
22:23 အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှားလျှင်၊
22:24 ရွှေကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ဩဖိရရွှေကို မြစ်၌ရှိသော ကျောက်စရစ်ကဲ့သို့လည်းကောင်း သိုထားရလိမ့်မည်။
22:25 ထိုအခါ အနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
22:26 သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
22:27 သင်ဆုတောင်းသောအခါ နားထောင်တော်မူမည်။ သစ္စာကတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသောအခွင့် ရှိလိမ့်မည်။
22:28 သင်ကြံစည်သောအကြံအစည်သည် ထမြောက်၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
22:29 သူတစ်ပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်က ချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
22:30 အပြစ်မကင်းသောသူကိုပင် ကယ်နုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။