Job 4
4:1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
4:2 ငါတို့သည် သင်နှင့်နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
4:3 သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
4:4 သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲ့သောဒူးတို့ကိုလည်း တည့်စေပြီ။
4:5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသောကြောင့် မိန်းမောတွေဝေလျက် နေ၏။
4:6 သင်၏ ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မျှော်လင့်သောသဘော၊ တည်ကြည်သောသဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
4:7 အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
4:8 ငါသိမြင်သည်အတိုင်း၊ မတရားသောလယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
4:9 ဘုရားသခင် မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည်ပျက်စီး၍၊ ရှူတော်မူသော အသက်ဖြင့်လည်း ဆုံးရှုံးရကြ၏။
4:10 ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
4:11 ဖမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသောခြင်္သေ့သည် သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
4:12 တစ်ရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကိုရ၍ တိုးသောအသံကို ကြားရ၏။
4:13 လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာကာလ ညအချိန်၌ ငါအောက်မေ့စဉ်တွင်၊
4:14 ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါအလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
4:15 ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့၌ ကန့်လန့်လျှောက်သွား၍၊ ငါသည် ကြက်သီးမွေးညင်း ထလေ၏။
4:16 ထိုဝိညာဉ်သည် ရပ်နေ၍၊ ပုံသဏ္ဌာန်လည်း သေချာစွာမထင်မရှား အရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသောအသံရှိ၍ ငါကြားသောစကားသံ ဟူမူကား၊
4:17 သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်းတော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်းရှိရသလော။
4:18 အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
4:19 သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင်နေတတ်သော သူတို့ကို အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
4:20 တစ်နေ့ချင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှ ပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
4:21 သူတို့၏ဂုဏ်အသရေ ကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။