Job 41
41:1 လဝိသန်ကို ငါးမျှားနှင့်ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။
41:2 သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော။
41:3 သူသည် သင့်ကိုများစွာ တောင်းပန်လိမ့်မည်လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။
41:4 သင်နှင့် ဝန်ခံခြင်းပဋိညာဉ်ကို ပြုလိမ့်မည်လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှာ သူ့ကိုခန့်ထားမည်လော။
41:5 ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော။ သင်၏မိန်းမကလေးတို့အဖို့ သူ့ကို ချည်နှောင်မည်လော။
41:6 သင်၏အပေါင်းအဖော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
41:7 သူ၏အရေကို မှိန်းနှင့်လည်းကောင်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်လည်းကောင်း၊ အနှံ့အပြား ထိုးဖောက်နိုင်သလော။
41:8 သူ့အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ သူ့ကိုတိုက်မည်အကြံကို နောက်တစ်ဖန် မအောက်မေ့ရ။
41:9 တိုက်သောသူသည် နိုင်မည်ဟု အချည်းနှီးထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။
41:10 သူ့ကိုနှိုးဆော်ခြင်းငှာ အဘယ်သူမျှ မရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
41:11 ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။
41:12 လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား။
41:13 သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။
41:14 သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဖွယ်ဖြစ်ကြ၏။
41:15 လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တစ်ချပ်နှင့်တစ်ချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။
41:16 လေမျှမဝင်နိုင်အောင် တစ်ချပ်နှင့်တစ်ချပ် ပူးကပ်လျက်ရှိကြ၏။
41:17 တစ်ချပ်နှင့်တစ်ချပ် မခွာနိုင်အောင် တစ်ခဲနက်ယှက်တင်လျက်ရှိကြ၏။
41:18 သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။
41:19 ပါးစပ်ထဲက မီးရှူးထွက်၍ မီးပွားတို့လည်း လွင့်ကြ၏။
41:20 ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ်၏။
41:21 အသက်ရှူသောအခါ မီးခဲတောက်၍ ပါးစပ်ထဲက မီးလျှံထွက်တတ်၏။
41:22 လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။
41:23 အသားအကြောတို့သည် တစ်ခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။
41:24 နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ်ဆုံကျောက်ကဲ့သို့ မာ၏။
41:25 သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။
41:26 သူ့ကိုတိုက်လျှင် ဓားမခိုင်တတ်။ လှံ၊ မြား၊ သံချပ်မခိုင်တတ်။
41:27 သံကို ကောက်ရိုးကဲ့သို့လည်းကောင်း၊ ကြေးဝါကို သစ်ဆွေးကဲ့သို့လည်းကောင်း မှတ်တတ်၏။
41:28 လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲနှင့်ပစ်သော ကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။
41:29 တုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။
41:30 သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများ ရှိ၏။ ရွှံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။
41:31 အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဖယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။
41:32 သူလွန်သွားသောလမ်းသည် ထွန်းတောက်သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။
41:33 မြေပေါ်မှာ သူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။
41:34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြုတတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။