Job 6
6:1 တစ်ဖန် ယောဘမြွက်ဆိုသည်ကား၊
6:2 ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသော ဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။
6:3 သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။
6:4 အနန္တတန်ခိုးရှင် ပစ်တော်မူသော မြားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဖွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
6:5 တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည် စားစရာရှိသောအခါ အော်တတ်သလော။
6:6 မမြိန်သောအရာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။
6:7 လက်နှင့်မျှ မတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
6:8 ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင် ပေးသနားတော်မူပါစေ။
6:9 တောင့်တသောအရာ ဟူမူကား၊ ဘုရားသခင်သည် ငါ့ကို ဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကို ဆုံးစေတော်မူပါစေ။
6:10 ထိုသို့ဖြစ်လျှင် ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကို နှမြောတော်မမူပါစေနှင့်။ သန့်ရှင်းတော်မူသောသူ၏ စကားတော်ကို ငါမငြင်းမဆန်ပြီ။
6:11 ငါမျှော်လင့်စရာအခွင့် ရှိရမည်အကြောင်း၊ ငါ့ခွန်အားကား အဘယ်သို့နည်း။ ငါသည် ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
6:12 ငါ့ခွန်အားသည် ကျောက်ခွန်အား ဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။
6:13 ငါသည် ကိုယ်ကိုမ မစနိုင်။ ငါ့ဉာဏ်လည်း ကုန်ပြီ။
6:14 ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
6:15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ ရွေ့သွားကွယ်ပျောက် တတ်ကြ၏။
6:16 ထိုချောင်းရေသည် ရေခဲကြောင့်လည်းကောင်း၊ မထင်ရှားသော မိုးပွင့်ကြောင့်လည်းကောင်း၊
6:17 အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်းခြောက်တတ်၏။
6:18 ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
6:19 တေမန်အမျိုးသား အစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူ အစုအဝေးတို့သည် မျှော်လင့်လျက် လာကြ၏။
6:20 မျှော်လင့်၍ စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
6:21 ထိုအတူ သင်တို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
6:22 ငါ့ထံသို့ လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
6:23 ရန်သူလက်မှ ငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှရွေးနုတ်ကြပါဟု ငါပြောသလော။
6:24 ငါ့ကို ဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဖော်ပြကြပါ။
6:25 မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာ နေရာကျသနည်း။
6:26 ငါစကားပြောရုံကာမျှကို အပြစ်တင်မည် ကြံစည်ကြသလော။ မျှော်လင့်စရာမရှိသောသူ ပြောသောစကားသည် လေသက်သက်ဖြစ်၏။
6:27 အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဖို့ တွင်းကိုတူးကြ၏။
6:28 ငါ့ကိုစိတ်မရှိဘဲ ကြည့်ရှုကြပါလော့။ သင်တို့ရှေ့မှာ ငါလှည့်စားသလော။
6:29 ပြန်၍ ဆင်ခြင်ကြပါ။ မတရားသဖြင့် မပြုကြပါနှင့်။ ပြန်၍ ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ်ပါ၏။
6:30 ငါ့လျှာ၌ ကောက်သောသဘော ရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။