Job 9
9:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
9:2 မှန်ပါ၏။ ထိုစကားမှန်ကြောင်းကို ငါသိ၏။ သို့သော်လည်း လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။
9:3 ဘုရားသခင်သည် အပြစ်တင်ခြင်းငှာ အလိုတော်ရှိလျှင်၊ လူသည် အပြစ်တစ်ထောင်တွင် တစ်ခုကိုမျှ မဖြေနိုင်။
9:4 ဘုရားသခင်သည် ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
9:5 ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။
9:6 မြေကြီးကိုရွေ့စေခြင်းငှာ တွန်းတော်မူ၍၊ မြေတိုင်တို့သည် တုန်လှုပ်ကြ၏။
9:7 နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
9:8 မိုးကောင်းကင်ကို ကိုယ်တော်တစ်ပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
9:9 အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။
9:10 စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။
9:11 ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
9:12 သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
9:13 ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချခြင်းကို ခံရကြ၏။
9:14 ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍လျှောက်ရအံ့နည်း။
9:15 ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသောအရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
9:16 ငါခေါ်၍ အရှင်သည် ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
9:17 အကြောင်းမူကား၊ မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ၌ အနာတို့ကို များပြားစေတော်မူ၏။
9:18 ငါ့ကို အသက်ရှူရသောအခွင့် မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံစေတော်မူ၏။
9:19 တန်ခိုးကို အမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန်သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
9:20 ကိုယ်အပြစ်ကို ပြေစေခြင်းငှာပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။
9:21 တစ်ဖန် စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
9:22 ငါပြောအံ့သောစကားတစ်ချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကိုလည်းကောင်း၊ ဆိုးညစ်သောသူတို့ကိုလည်းကောင်း ဖျက်ဆီးတော်မူတတ်၏။
9:23 ချက်ချင်း ဘေးတစ်စုံတစ်ခုရောက်သောအခါ၊ အပြစ်မရှိသောသူ ခံရသည်အကြောင်းကို ရယ်တော်မူ၏။
9:24 မြေကြီးကို လူဆိုးလက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကား အဘယ်သူနည်း။
9:25 တစ်မြို့မှတစ်မြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ရက်တို့သည် လျင်မြန်၍၊ ကောင်းကျိုးကိုမခံရဘဲ ပြေးတတ်ကြ၏။
9:26 လျင်မြန်သော သင်္ဘောကဲ့သို့လည်းကောင်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့လည်းကောင်း လွန်သွားတတ်ကြ၏။
9:27 ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကို ဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
9:28 ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော်မမူကြောင်းကို ငါသိ၏။
9:29 ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည်နည်း။
9:30 ငါ့ကိုယ်ကို မိုးပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
9:31 ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ်ကိုရွံလိမ့်မည်။
9:32 ငါသည် ဘုရားသခင်၏စကားကို တစ်ဦးနှင့် တစ်ဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
9:33 ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေအမှုစောင့် မရှိ။
9:34 ငါ့ကို ဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသောဘေးကြောင့် ငါမကြောက်ပါစေနှင့်။
9:35 သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲ ပြောရသောအခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကို မရ။