Psalms 105
105:1 ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
105:2 ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
105:3 သန့်ရှင်းသောနာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကိုရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
105:4 ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
105:5 စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
105:6 ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊
105:7 ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ တရားစီရင်ပိုင်တော်မူ၏။
105:8 ငါသည်သင်တို့အမွေခံရာဖို့ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍၊ ဣဇာက်၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။
105:13 သူတို့သည် တစ်မြို့မှ တစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍ သွားကြသောအခါ၊
105:14 သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက်၊
105:15 ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
105:16 တစ်ဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကိုခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊
105:17 ကျွန်ဖြစ်စေဖို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။
105:18 သူ့ကိုခြေချင်းခတ်၍ သံနှင့် ညှဉ်းဆဲကြ၏။
105:19 သူ၏စကားမပြည့်စုံမီတိုင်အောင်၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း စုံစမ်းခြင်းကိုခံရ၏။
105:20 လူတို့ကို အစိုးရသောအရှင်တည်းဟူသော ရှင်ဘုရင်သည်စေလွှတ်၍ သူ့ကိုနုတ်ပြီးမှ ချမ်းသာပေးတော်မူ၏။
105:21 သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိတို့ကိုချည်နှောင်၍၊
105:22 မှူးတော်မတ်တော်တို့ကို ဆုံးမပိုင်သောအခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
105:23 ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။
105:24 ဘုရားသခင်သည် မိမိလူတို့ကိုအလွန်များပြားစေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။
105:25 မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကိုပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။
105:26 တစ်ဖန် မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွှတ်တော်မူ၏။
105:27 အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေတော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဖွယ်သောအမှုတို့ကိုပြုကြ၏။
105:28 မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။
105:29 သူတို့ရေများကိုအသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
105:30 သူတို့မြေသည် များစွာသောဖားတို့ကို မင်းအိပ်ရာအခန်းတို့၌ပင် ဖွားလေ၏။
105:31 အမိန့်တော်ရှိ၍ ယင်ရဲနှင့် ခြင်တို့သည် တစ်ပြည်လုံးကို နှံ့ပြားကြ၏။
105:32 မိုးရေအစား မိုးသီးကိုလည်းကောင်း၊ သူတို့မြေပေါ်မှာ မီးလျှံကိုလည်းကောင်း ပေးတော်မူ၏။
105:33 သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုထိခိုက်၍၊ တစ်ပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော်မူ၏။
105:34 အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊
105:35 သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကိုလည်းကောင်း၊ မြေဩဇာအသီးအနှံတို့ကိုလည်းကောင်း ကိုက်စားကြ၏။
105:36 သူတို့အစွမ်းသတ္တိ အထွတ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
105:37 မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသောသူ တစ်ယောက်မျှမရှိ။
105:38 အဲဂုတ္တုပြည်သည် သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တစ်ပြည်လုံး ဝမ်းမြောက်၏။
105:39 သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။
105:40 သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။
105:41 ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။
105:42 အကြောင်းမူကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဖူးသော သန့်ရှင်းသော ကတိတော်ကို အောက်မေ့တော်မူ၏။
105:43 ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
105:44 သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တစ်ပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။