Psalms 116
116:1 ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကို ကြား၍၊
116:2 ငါ့ဘက်သို့ နားတော်ကို လှည့်တော်မူသောကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပတ္ထနာပြုမည်။
116:3 သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။
116:4 ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။
116:5 ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ၏။
116:6 ထာဝရဘုရားသည် ရိုးသားသူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။
116:7 အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
116:8 ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှလည်းကောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှလည်းကောင်း ကယ်လွှတ်တော်မူပြီ။
116:9 သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
116:10 ငါသည် အလွန်ညှိုးငယ်ခြင်းကိုခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သောစိတ်ရှိသေး၏။
116:11 လူအပေါင်းတို့သည် မုသားကိုသုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
116:12 ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။
116:13 ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။
116:14 ထာဝရဘုရားအား သစ္စာကတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။
116:15 ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏။
116:16 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။
116:17 ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။
116:18 ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း၊
116:19 အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရဘုရား၏ အိမ်တော်တံတိုင်းအတွင်းတွင်၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။