Psalms 121
121:1 ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။
121:2 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
121:3 သင်၏ခြေကိုချော်စေခြင်းငှာ အခွင့်ပေးတော်မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။
121:4 အကယ်စင်စစ် ဣသရေလအမျိုးကိုစောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။
121:5 ထာဝရဘုရားသည် သင့်ကိုစောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။
121:6 နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက်မရှိရာ။
121:7 ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကိုကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။
121:8 ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။