Psalms 132
132:1 အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကိုလည်းကောင်း၊ သူခံရသမျှသော ဆင်းရဲခြင်းကိုလည်းကောင်း အောက်မေ့တော်မူပါ။
132:2 ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ်သည် မတွေ့မီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိ အိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုးကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံကျိန်ဆို၍ ဓိဋ္ဌာန်ပြု၏။
132:6 တဲတော်သည် ဧဖရိမ်ပြည်မှာရှိကြောင်းကို ငါတို့သည်ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
132:7 ဘုံဗိမာန်တော်သို့ဝင်၍၊ ခြေတော်တင်ရာ ခုံအောက်၌ ပျပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
132:8 အို ထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
132:9 ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းတန်ဆာကိုဆင်၍၊ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
132:10 ကိုယ်တော်၏ကျွန် ဒါဝိဒ်မင်း၏မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့်။
132:11 ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
132:12 သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကိုလည်းကောင်း၊ ငါသွန်သင်သော သက်သေခံချက်ကိုလည်းကောင်း စောင့်ရှောက်လျှင်၊ သူတို့၏သားများသည်လည်း သင်၏ပလ္လင်ပေါ်မှာ အစဉ်အမြဲထိုင်ရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူပြီ။
132:13 ထာဝရဘုရားသည် ဇိအုန်မြို့ကိုရွေးကောက်၍၊ အမြဲနေတော်မူရာဖို့ အလိုတော်ရှိသည်အရာမှာ၊
132:14 ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည်ဖြစ်၍၊ ဤမြို့၌ငါနေမည်။
132:15 သူ၏အစာအာဟာရကို အထူးသဖြင့် ကောင်းချီးပေးမည်။ သူ၌ဆင်းရဲသားတို့ကို ဝစွာကျွေးမည်။
132:16 သူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်းတန်ဆာကို ဆင်စေသဖြင့်၊ သူ၌သန့်ရှင်းသူတို့သည် ရွှင်လန်းသောသီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
132:17 ထိုမြို့၌ ဒါဝိဒ်၏ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံသောသူဖို့ မီးခွက်ကို ငါပြင်ဆင်ပြီ။
132:18 ထိုအရှင်၏ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ဦးရစ်သရဖူသည် ဘုန်းပွင့်လျက်ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။