Psalms 147
147:1 ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျောက်ပတ်သည်ဖြစ်၍၊ ထောမနာသီချင်းဆိုကြလော့။
147:2 ထာဝရဘုရားသည် ယေရုရှလင်မြို့ကိုတည်ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသားတို့ကို စုဝေးစေတော်မူ၏။
147:3 စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏အနာကို ကုတော်မူ၏။
147:4 ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။
147:5 ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်းကြီး၏။ ဉာဏ်တော်သည် အနန္တဖြစ်၏။
147:6 ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာလှဲတော်မူ၏။
147:7 ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရားရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ဘုရားသခင်ကို ထောမနာသီချင်း ဆိုကြလော့။
147:8 ကောင်းကင်ကို မိုးတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဖို့ မိုးရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကို ပေါက်စေတော်မူ၏။
147:9 မြည်တတ်သောကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။
147:10 မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်ခြင်းကို အားရနှစ်သက်တော်မူခြင်းမရှိ။
147:11 ကြောက်ရွံ့သောသူနှင့် ကရုဏာတော်ကိုမျှော်လင့်သောသူတို့ကို ထာဝရဘုရား နှစ်သက်တော်မူ၏။
147:12 အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်းလော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
147:13 အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်းချီးပေးတော်မူ၏။
147:14 သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကိုငြိမ်းစေ၍၊ အကောင်းဆုံးသောစပါးနှင့် သင့်ကိုဝစွာ ကျွေးမွေးတော်မူ၏။
147:15 မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကိုလွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။
147:16 မိုးပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။
147:17 မိမိမိုးသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ်တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင်သနည်း။
147:18 တစ်ဖန် နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုးပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။
147:19 နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။
147:20 အခြားတစ်ပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေလုယ။