Psalms 25
25:1 အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက်နေပါ၏။
25:2 အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကိုအောင်၍ အောင်ပွဲကိုမခံပါစေနှင့်။
25:3 အကယ်စင်စစ် ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
25:4 အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
25:5 ကိုယ်တော်၏သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏။
25:6 အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူသော ကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော်မူပါ။
25:7 အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့တော်မမူပါနှင့်။ ကောင်းမြတ်တော်မူသည် ဖြစ်၍၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ ထာဝရဘုရား။
25:8 ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
25:9 နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။
25:10 ထာဝရဘုရား၏လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြသတည်း။
25:11 အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။
25:12 အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့တတ်၏။ ထိုသူအား နှစ်သက်ဖွယ်သောလမ်းကို ပြညွှန်တော်မူမည်။
25:13 ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာကျိန်းဝပ်၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေခံရလိမ့်မည်။
25:14 ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏။
25:15 အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မျှော်လင့်လျက်နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နုတ်ယူတော်မူမည်။
25:16 အကျွန်ုပ်သည် တစ်ယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကိုခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။
25:17 အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာပေး၍၊ အမှုများထဲက ကယ်နုတ်တော်မူပါ။
25:18 အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။
25:19 အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော်မူပါ။
25:20 အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။
25:21 ကိုယ်တော်ကိုမျှော်လင့်လျက်နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသော။
25:22 အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်းသောဒုက္ခအထဲက ရွေးနုတ်တော်မူပါ။