Psalms 29
29:1 အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
29:2 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
29:3 ထာဝရဘုရား၏အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
29:4 ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
29:5 ထာဝရဘုရား၏အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တောကို ချိုးတော်မူ၏။
29:6 တောကို နွားသငယ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့လည်းကောင်း ခုန်စေတော်မူ၏။
29:7 ထာဝရဘုရား၏အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
29:8 ထာဝရဘုရား၏အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ချားတော်မူ၏။
29:9 ထာဝရဘုရား၏အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဖွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့သည် ဘုန်းတော်ကို ဖော်ပြကြစေ။
29:10 ထာဝရဘုရားသည် မိုးသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
29:11 ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော်မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းချီးမင်္ဂလာကို ပေးတော်မူမည်။