Psalms 33
33:1 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏။
33:2 စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့။
33:3 ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။
33:4 အကြောင်းမူကား၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏။
33:5 ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းကိုနှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။
33:6 ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင် တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
33:7 သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။
33:8 ထာဝရဘုရားကို မြေကြီးတစ်ပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။
33:9 အကြောင်းမူကား၊ ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
33:10 ထာဝရဘုရားသည် တစ်ပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏။ လူစုတို့၏ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။
33:11 ထာဝရဘုရား၏ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏အကြံအစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင်တည်ကြလိမ့်မည်။
33:12 ထာဝရဘုရားသည် အကြင်အမျိုး၏ဘုရားဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဖို့ ရွေးကောက်တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည်မင်္ဂလာရှိ၏။
33:13 ထာဝရဘုရားသည် ကောင်းကင်ဘုံကကြည့်ရှု၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
33:14 ကျိန်းဝပ်တော်မူရာ အရပ်ကကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏။
33:15 သူတို့၏စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏။
33:16 ရှင်ဘုရင်မည်သည်ကား၊ များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အားကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။
33:17 မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ်နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်မယူနိုင်။
33:18 ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
33:19 သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
33:20 ငါတို့၏ဝိညာဉ်သည် ထာဝရဘုရားကို မျှော်လင့်လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
33:21 သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
33:22 အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးစားသည်နှင့်အညီ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော။