Psalms 74
74:1 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူသနည်း။
74:2 ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
74:3 သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့်ပြု၍၊ အမြဲသုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။
74:4 ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။
74:5 လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊
74:6 ယခုတွင် ဗိမာန်တော်တန်ဆာများကို ပုဆိန်၊ သံတူနှင့် တစ်ပြိုင်နက်ရိုက်ချိုးကြပါ၏။
74:7 သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာတဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။
74:8 ဤအမျိုးသားအပေါင်းတို့ကို အတူဖျက်ဆီးကြကုန်အံ့ဟုဆို၍၊ မြေတစ်ပြင်လုံးတွင် ဘုရားသခင်၏ တရားဇရပ်တို့ကို မီးရှို့ကြပါ၏။
74:9 အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည် တစ်ဖန်မပေါ်မရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူမရှိပါ။
74:10 အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။
74:11 လက်ယာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော်မူပါ။
74:12 အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ပြုသော ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။
74:13 ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ်ကိုခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။
74:14 လဝိသန်၏ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဖို့ အပ်ပေးတော်မူပြီ။
74:15 စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။
74:16 နေ့နှင့် ညကို ပိုင်တော်မူ၏။ နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။
74:17 မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကိုလည်းကောင်း၊ နွေကာလနှင့် ဆောင်းကာလကိုလည်းကောင်း စီရင်တော်မူပြီ။
74:18 ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့တော်မူပါ။
74:19 ကိုယ်တော်၏ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။
74:20 ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သောအရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။
74:21 နှိပ်စက်ခြင်းကိုခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။
74:22 အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော်အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။
74:23 ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော်မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။