Psalms 80
80:1 သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသောဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
80:2 ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကိုနှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ။
80:3 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
80:4 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ပြုသော ပတ္ထနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။
80:5 သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။
80:6 အနီးအပါး၌နေသောသူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။
80:7 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
80:8 ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။
80:9 သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တစ်ပြည်လုံးကို နှံ့ပြားပါ၏။
80:10 သူ၏အရိပ်သည်တောင်တို့ကိုလည်းကောင်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကိုလည်းကောင်း လွှမ်းမိုးကြပါ၏။
80:11 သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်လည်းကောင်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်လည်းကောင်း ပြန့်ပွားစေပါ၏။
80:12 ယခုမူကား၊ လမ်း၌ လျှောက်သွားသောသူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့် ချိုးဖျက်တော်မူသနည်း။
80:13 တောဝက်သည် ထိုအပင်ကိုကိုက်ခဲ၍၊ တောသားရဲသည်လည်း စားပါ၏။
80:14 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တစ်ဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။
80:15 လက်ယာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။
80:16 မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။
80:17 လက်ယာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။
80:18 သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပတ္ထနာပြုကြပါမည်။
80:19 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။