Psalms 83
83:1 အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။
83:2 ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
83:3 ကိုယ်တော်၏လူစုတစ်ဖက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော်ကွယ်ကာတော်မူသော သူတို့တစ်ဖက်၌ တိုင်ပင်ကြပါ၏။
83:4 ဣသရေလ၏နာမကို နောက်တစ်ဖန် အောက်မေ့စရာမရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟု ဆိုကြပါ၏။
83:5 သဘော တညီတညွတ်တည်းတိုင်ပင်၍၊ ကိုယ်တော်တစ်ဖက်၌ အချင်းချင်းသင်းဖွဲ့သောသူ ဟူမူကား။
83:6 ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊
83:7 ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။
83:8 အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
83:9 မိဒျန်အမျိုးကိုလည်းကောင်း၊ ခိရှုန်ချောင်းနားမှာ သိသရမင်းနှင့် ယာဘိန်မင်းကိုလည်းကောင်းပြုသကဲ့သို့ သူတို့ကို ပြုတော်မူပါ။
83:10 ထိုသူတို့သည် အင်္ဒေါရအရပ်၌ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
83:11 ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဖို့သိမ်းယူကြကုန်အံ့ဟုဆိုသော ဩရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊
83:12 ဤသူတို့၏မှူးမတ်များကိုလည်းကောင်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကိုလည်းကောင်း ဖြစ်စေတော်မူပါ။
83:13 အကျွန်ုပ်၏ဘုရားသခင်၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ လေတိုက်၍လွင့်သော ဖွဲ့ကဲ့သို့လည်းကောင်း သူတို့ကိုဖြစ်စေတော်မူပါ။
83:14 တောကို မီးရှို့သကဲ့သို့လည်းကောင်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့လည်းကောင်း၊
83:15 ထိုနည်းတူ၊ မိုးသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ခြောက်လှန့်တော်မူပါ။
83:16 အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။
83:17 စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။
83:18 ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။