Psalms 91
91:1 အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကိုခိုရလိမ့်မည်။
91:2 ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
91:3 အကယ်စင်စစ် မုဆိုး၏ကျော့ကွင်းနှင့်လည်းကောင်း၊ သေတတ်သော အနာနှင့်လည်းကောင်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
91:4 အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။
91:5 ညအခါဖြစ်တတ်သော ဘေးကိုလည်းကောင်း၊ နေ့အချိန်၌ ပစ်သောမြားကိုလည်းကောင်း၊
91:6 မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မကြောက်ရ။
91:7 သင်၏အနားမှာ လူတစ်ထောင်၊ သင်၏လက်ယာဘက်မှာ လူတစ်သောင်းလဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။
91:8 သင်သည် ကိုယ်မျက်စိနှင့်ကြည့်၍၊ မတရားသောသူတို့၌ ရောက်ရသောအပြစ်ကို မြင်ရုံမျှသာရှိလိမ့်မည်။
91:9 ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသောဘုရား၌ နေရာကျသောကြောင့်၊
91:10 သင်၌ မကောင်းသောအနိဌာရုံ မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
91:11 သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊
91:12 သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
91:13 သင်သည် ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
91:14 သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့်၊ သူ့ကို ငါချီးမြှောက်မည်။
91:15 သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
91:16 ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။