Psalms 96
96:1 ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။
96:2 ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းချီးပေးကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။
96:3 ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။
96:4 ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ် ဖြစ်တော်မူ၏။
96:5 တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
96:6 ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာဌာနတော်၌ ရှိ၏။
96:7 လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။
96:8 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သကာကိုဆောင်ခဲ့လျက် တံတိုင်းတော်သို့ဝင်ကြလော့။
96:9 သန့်ရှင်းသောတန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံခြင်းရှိကြလော့။
96:10 ထာဝရဘုရားစိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓာတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာတရားစီရင်တော်မူလိမ့်မည်။
96:11 ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ။
96:12 လယ်ပြင်နှင့် လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ရှိသမျှသောအပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။
96:13 အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း၊ လူများကို သစ္စာတော်နှင့်လည်းကောင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။