Psalms 98
98:1 ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ။ လက်ယာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်အဖို့ ကယ်တင်ခြင်းအမှုကိုပြုလေပြီ။
98:2 ထာဝရဘုရားသည် ကယ်တင်တော်မူခြင်းကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တစ်ပါးအမျိုးသားတို့အား ဖော်ပြတော်မူပြီ။
98:3 ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်းတို့သည် မြင်ရကြပြီ။
98:4 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။
98:5 စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့။ စောင်းတီး၍ တူရိယာသံကို ပြုကြလော့။
98:6 တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။
98:7 ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊
98:8 မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။
98:9 အကြောင်းမူကား၊ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။