Exodus 14
14:1 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်လည်၍၊ ပိဟဟိရုတ်မြို့နား၊
14:2 မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာတပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာတပ်ချရကြမည်။
14:3 အကြောင်းမူကား၊ ဖာရောဘုရင်က၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ရောက်ကြပြီ။ တောလမ်းပိတ်လျက်ရှိ၏ဟုဆိုလိမ့်မည်။
14:4 ငါသည်လည်း၊ ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။
14:5 ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အားကြားလျှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ်ပေါက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့်လွှတ်ရသနည်းဟု ပြောဆိုကြ၏။
14:6 ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကိုပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။
14:7 ရွေးသောရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။
14:8 ထာဝရဘုရားသည်၊ ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုလိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။
14:9 ထိုသို့ ဖာရောဘုရင်၏မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည်လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာတပ်ချလျက်နေသော ဣသရေလလူတို့ကို မီကြ၏။
14:10 ဖာရောဘုရင်သည်ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မျှော်ကြည့်၍၊ အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကိုမြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအားအော်ဟစ်ကြ၏။
14:11 မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။
14:12 ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက်ရှိကြပါစေဟု အဲဂုတ္တုပြည်၌ငါတို့ပြောရာတွင်၊ ဤအမှုကိုရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။
14:13 မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကိုကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တစ်ဖန်အလျှင်းမမြင်ရကြ။
14:14 သင်တို့ဘက်၌ ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အားဆို၏။
14:15 ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကိုအော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာမှာလိုက်လော့။
14:16 သင်မူကား၊ လှံတံကိုချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲလော့။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားရကြမည်။
14:17 ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကိုခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။
14:18 ထိုသို့ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
14:19 ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌လိုက်သဖြင့်၊ မိုးတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ရပ်နေလေ၏။
14:20 ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သောမိုးတိမ်ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကိုပေးလျက်နေသဖြင့်၊ တစ်ညလုံး တပ်တစ်ဦးနှင့် တစ်ဦးမချဉ်းနိုင်ရာ။
14:21 မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရားသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည်ကွဲပြတ်လျက်ရှိ၏။
14:22 ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြ၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
14:23 အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။
14:24 နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍နှောင့်ယှက်တော်မူ၏။
14:25 သူတို့ရထားအသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တစ်ဖက်၌ စစ်တိုက်သည်ဟုပြောဆိုကြ၏။
14:26 ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
14:27 မိုးလင်းသောအခါ၊ မောရှေသည်လက်ကို ပင်လယ်ပေါ်မှာဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ်အလယ်၌လှဲတော်မူ၏။
14:28 ထိုသို့ ပင်လယ်ရေသည်ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့်၊ တစ်စုံတစ်ယောက်မျှ မကျန်ရစ်ရ၊
14:29 ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌မြေပေါ်မှာလျှောက်သွား၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။
14:30 ထိုသို့ထာဝရဘုရားသည် ထိုနေ့၌ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူအသေကောင်တို့ကို မြင်ရကြ၏။
14:31 ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည်မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန်မောရှေကို ယုံကြည်ကြ၏။