Exodus 21
21:1 ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊
21:2 ဟေဗြဲအမျိုးဖြစ်သော ကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။
21:3 ကျွန်ခံစက တစ်ယောက်တည်းခံလျှင်၊ တစ်ယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွထွက်စေရမည်။
21:4 သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကိုဖွားမြင်လျှင်၊ မယားနှင့်သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တစ်ယောက်တည်းထွက်ရမည်။
21:5 သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင်၊
21:6 သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။
21:7 အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။
21:8 သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တစ်ပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။
21:9 မိမိသား၌ပေးစားလျှင်မူကား၊ သမီးကဲ့သို့ပြုစုရမည်။
21:10 အခြားမိန်းမကိုသိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏အဝတ်အစားနှင့် မယားဝတ်ကိုမလျှော့ရ။
21:11 ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။
21:12 လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
21:13 အသေသတ်မည်အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင်အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။
21:14 အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။
21:15 မိဘကိုအသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။
21:16 လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။
21:17 မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
21:18 လူချင်းခိုက်ရန်ပြု၍ တစ်ယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်လည်းကောင်း၊
21:19 တစ်ဖန်ထ၍တောင်ဝှေးနှင့်သွားလျှင်လည်းကောင်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှာ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။
21:20 သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုတုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။
21:21 သို့ရာတွင် ကျွန်သည် တစ်ရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကိုပိုင်သောကြောင့်၊ ဒဏ်နှင့်လွတ်ရမည်။
21:22 လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။
21:23 အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကိုလည်းကောင်း၊
21:24 မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကိုလည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊
21:25 မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။
21:26 သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။
21:27 ထိုအတူ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။
21:28 နွားသည် လူယောက်ျား၊ မိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။
21:29 ၎င်းနည်း နွားသည် အထက်ကခွေ့ဖူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင်အလွတ်ထား၍၊ နွားသည် ယောက်ျား၊ မိန်းမကိုသတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။
21:30 သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဖိုးကိုလျော်ရမည်။
21:31 သူတစ်ပါး၏သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။
21:32 ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။
21:33 လူသည် တွင်းကိုဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲထားသည်ဖြစ်စေ၊ သူတစ်ပါး၏မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊
21:34 တွင်းရှင်သည် မြင်း၊ နွားအဖိုးကိုလျော်၍ အသေကောင်ကိုယူရမည်။
21:35 အကြင်သူ၏နွားသည်၊ သူတစ်ပါး၏နွားကို အသေခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကိုရောင်း၍ အဖိုးကိုဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။
21:36 ၎င်းနည်း နွားသည် အထက်ကခွေ့ဖူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတစ်ကောင်အတွက် တစ်ကောင်ကိုအမှန်လျော်ရမည်။