Exodus 28
28:1 သင်၏အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့် သူ၏သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။
28:2 သင်၏အစ်ကိုအာရုန်၌ ဘုန်းအသရေထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသောအဝတ်ကို လုပ်၍ပေးရမည်။
28:3 အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအခွင့်ရှိ၍၊ သူ့ကိုသန့်ရှင်းစေခြင်းငှာ၊ ငါပေးသောဉာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကိုလုပ်ရမည်အကြောင်း မှာထားရမည်။
28:4 လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗောင်း၊ ခါးပန်းတည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှာ၊
28:5 ရွှေနှင့် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။
28:6 ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာလုပ်ရမည်။
28:7 သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ်နားချင်း တွဲမိစေခြင်းငှာ၊ တစ်ဖက်တစ်ချက်ကို ဆွဲချုပ်ရမည်။
28:8 သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကိုလည်းကောင်း လုပ်ရမည်။
28:9 ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတစ်ဆယ်နှစ်မျိုးကို၊
28:10 အသက်အကြီးအငယ်အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာတင်ရမည်။
28:11 တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ ဣသရေလအမျိုး၏ နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။
28:12 ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။
28:13 ကျောက်အိုးတို့ကို ရွှေနှင့် လုပ်ရမည်။
28:14 အဆုံး၌တပ်ရသောကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍လုပ်ပြီးမှ ကျောက်အိုး၌တွဲရမည်။
28:15 ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။
28:16 နှစ်ထပ်ခေါက်လျက်၊ အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းလေးထောင့် ဖြစ်ရမည်။
28:17 ထိုရင်ဖုံး၌ ကျောက်မြတ်ကိုလေးတန်းစီရမည်။ ပထမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊
28:18 ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊
28:19 တတိယအတန်းကား၊ ဝှါကိန္သု၊ မဟူရာ၊ ဂေါ်မိတ်။
28:20 စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရမည်။
28:21 ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။
28:22 ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကိုလည်းကောင်း၊ ကျစ်သော ရွှေကြိုးနှစ်ပင်ကိုလည်းကောင်းလုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌တပ်၍၊ သင်တိုင်းသိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲရမည်။
28:26 တစ်ဖန်ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌တပ်ရမည်။
28:27 အခြားသော ရွှေနှစ်ကွင်းကိုလည်းလုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မီရာတွင်၊ သင်တိုင်းကိုယ် တစ်ဖက်တစ်ချက်၌ တပ်ရမည်။
28:28 ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ရင်ဖုံးကို ထူးဆန်းသောရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။
28:29 အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲသို့ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှာ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာဆောင်ရမည်။
28:30 ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကိုသွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာဆောင်ရမည်။
28:31 သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာလုပ်ရမည်။
28:32 ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။
28:33 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့်လုပ်သော သလဲသီးများကိုလည်းကောင်း၊ ရွှေဆည်းလည်းများကိုလည်းကောင်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
28:34 သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံးစီခြားလျက်၊ အစဉ်အတိုင်းဆွဲထားရမည်။
28:35 အာရုန်သည် အမှုတော်ကိုဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်အထဲမှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကိုဝတ်၍ သူ၏အသံကို ကြားရမည်။
28:36 ရွှေစင်သင်းကျစ်ကိုလည်းလုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်းခြင်းဟု အက္ခရာတင်၍၊
28:37 ပြာသောကြိုးနှင့် ဗောင်းရှေ့၌ချည်ထားရမည်။
28:38 အာရုန်သည် ထိုသင်းကျစ်ကို နဖူး၌ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအလှူဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏စိတ်တော်နှင့် တွေ့ခြင်းငှာ၊ အာရုန်၏နဖူး၌ အစဉ်ဆင်ရမည်။
28:39 ပိတ်ချောအင်္ကျီကိုလည်းလုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သောအလုပ်နှင့် ပြီးစေရမည်။
28:40 အာရုန်၏သားတို့ ဘုန်းအသရေကိုထင်ပေါ်စေခြင်းငှာ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကိုလုပ်ပေးရမည်။
28:41 ထိုသို့ သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့ကိုဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ခန့်ထား၍ သန့်ရှင်းစေရမည်။
28:42 သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှာ၊ ခါးမှပေါင်သို့အထိ ပိတ်ဘောင်းဘီကို ချုပ်၍ပေးရမည်။
28:43 အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ ဝင်သော်လည်းကောင်း၊ သန့်ရှင်းရာအရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်လည်းကောင်း၊ အပြစ်ရောက်၍မသေစေခြင်းငှာ ထိုသို့ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုးအစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်း။