Exodus 40
40:1 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
40:2 သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။
40:3 တဲတော်အထဲ၌၊ သက်သေခံချက်သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။
40:4 စားပွဲကိုလည်းသွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်းသွင်း၍၊ မီးခွက်တို့ကိုထွန်းရမည်။
40:5 နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကိုဆွဲကာရမည်။
40:6 ယဇ်ကောင်ရှို့ရာပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
40:7 အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ရေကိုထည့်ရမည်။
40:8 တဲတော်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
40:9 လိမ်းရန် ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကိုလိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့တဲတော်သည် သန့်ရှင်းရလိမ့်မည်။
40:10 ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကိုလိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန်သန့်ရှင်းသောပလ္လင်ဖြစ်ရမည်။
40:11 အင်တုံနှင့် ခြေထောက်ကိုလည်းလိမ်း၍ သန့်ရှင်းစေရမည်။
40:12 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာတံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။
40:13 အာရုန်သည်ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။
40:14 သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။
40:15 အကယ်စင်စစ် သူတို့ဆီလိမ်းခြင်းဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ်အရာ ဖြစ်သတည်းဟု၊
40:16 ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
40:17 သက္ကရာဇ်နှစ်ခု၊ ပထမလ၊ ပထမနေ့၌ မောရှေသည် တဲတော်ကိုဆောက်လေ၏။
40:18 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကိုနေရာချ၍၊ ပျဉ်ပြားများကိုထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကိုလျှို၍၊ တိုင်တို့ကိုထူလေ၏။
40:19 တဲတော်အပေါ်မှာ တဲကိုဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။
40:20 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းပိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊
40:21 သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။
40:22 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား၍၊
40:23 စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကိုပြင်ဆင်လေ၏။
40:24 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင်ထား၍၊
40:25 ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။
40:26 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာထား၍၊
40:27 ထိုပလ္လင်ပေါ်၌ မွှေးသောနံ့သာပေါင်းကို မီးရှို့လေ၏။
40:28 တဲတော်တံခါးဝ၌လည်း၊ ကုလားကာကိုဆွဲကာလေ၏။
40:29 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာကိုလည်းကောင်း ပူဇော်လေ၏။
40:30 အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြားမှာထား၍၊ ဆေးစရာရေကို အင်တုံ၌ထည့်လေ၏။
40:31 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အထဲသို့ ဝင်သော်လည်းကောင်း၊
40:32 ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်လည်းကောင်း၊ လက်ခြေတို့ကို ဆေးရကြ၏။
40:33 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ကာသော ကုလားကာကိုဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကိုပြီးစီးစေသတည်း။
40:34 ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။
40:35 ထိုသို့ မိုးတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။
40:36 ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။
40:37 မိုးတိမ်မကွာမမြောက်လျှင်၊ မကွာမမြောက်မီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။
40:38 ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုးတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။