Proverbs 11
11:1 မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား၊ နှစ်သက်တော်မူဖွယ် ဖြစ်၏။
11:2 မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
11:3 ဖြောင့်သောသဘောသည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
11:4 အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။
11:5 ဖြောင့်မတ်ခြင်းပါရမီသည် စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသောအမှုအားဖြင့် ဆုံးရှုံးတတ်၏။
11:6 ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
11:7 ဆိုးသောသူသည် သေသောအခါ မျှော်လင့်ခြင်းပျက်တတ်၏။ မတရားသောသူ၏ တောင့်တခြင်းလည်း ပျက်တတ်၏။
11:8 ဖြောင့်မတ်သောသူသည် ဒုက္ခထဲကထွက်မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
11:9 အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကိုဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ်အားဖြင့် အမှုလွတ်တတ်၏။
11:10 တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11:11 တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။
11:12 ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
11:13 လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။
11:14 အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။
11:15 အကျွမ်းမဝင်သောသူ၏အမှု၌ အာမခံသောသူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သောအမှုကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
11:16 နှစ်သက်ဖွယ်သော မိန်းမသည် ဂုဏ်အသရေကိုလည်းကောင်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကိုလည်းကောင်းရတတ်၏။
11:17 သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ယှက်တတ်၏။
11:18 မတရားသောသူပြုသောအမှုသည် အမြဲမတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသောသူမူကား၊ မြဲမြံသော အကျိုးကို ခံရလိမ့်မည်။
11:19 ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကို လိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
11:20 သဘောကောက်သောသူတို့ကို ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သောသူတို့ကိုကား၊ နှစ်သက်တော်မူ၏။
11:21 လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။
11:22 သမ္မာသတိမရှိ၊ အဆင်းလှသောမိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
11:23 ဖြောင့်မတ်သောသူသည် မြတ်သောအရာကိုသာ တောင့်တတတ်၏။ မတရားသောသူ မျှော်လင့်သောအရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
11:24 စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။
11:25 စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။
11:26 စပါးကို သိုထားသောသူသည် လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းချီးမင်္ဂလာ ရှိလိမ့်မည်။
11:27 ကောင်းသောအရာကို ကြိုးစား၍ရှာသောသူသည် ကျေးဇူးကိုခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှာ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
11:28 မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား၊ သစ်ခက်ကဲ့သို့ စိမ်းလန်းလိမ့်မည်။
11:29 မိမိအိမ်ကိုနှောင့်ယှက်သောသူသည် လေကိုအမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသောသူထံ၌ ကျွန်ခံရလိမ့်မည်။
11:30 ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
11:31 ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကိုခံရ၏။ မတရားသောသူနှင့် အပြစ်ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဖွယ်ရာရှိသနည်း။