Proverbs 13
13:1 ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
13:2 လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။
13:3 မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။
13:4 ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။
13:5 ဖြောင့်မတ်သောသူသည် မုသားစကားကိုမုန်းတတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဖွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။
13:6 ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။
13:7 အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သောသူလည်းရှိ၏။
13:8 စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သောစကားကို မကြားဘဲနေ၏။
13:9 ဖြောင့်မတ်သောသူ၏အလင်းသည် ရွှင်လန်း၏။ မတရားသောသူ၏မီးခွက်မူကား၊ သေရလိမ့်မည်။
13:10 မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
13:11 လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
13:12 မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
13:13 နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာရလိမ့်မည်။
13:14 ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။
13:15 ကောင်းသောဉာဏ်ရှိသောသူသည် မျက်နှာရတတ်၏။ ပြစ်မှားသောသူတို့ လမ်းမူကား၊ ခက်သောလမ်းဖြစ်၏။
13:16 သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။
13:17 မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။
13:18 သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
13:19 အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သောအရာဖြစ်၏။
13:20 ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။
13:21 အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
13:22 သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။
13:23 ဆင်းရဲသား လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။
13:24 ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။
13:25 ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသောသူမူကား၊ မွတ်သိပ်ခြင်းကိုခံရလိမ့်မည်။