Proverbs 15
15:1 ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။
15:2 ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
15:3 ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ၏။
15:4 ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။
15:5 မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
15:6 ဖြောင့်မတ်သောသူ၏အိမ်၌ များစွာသော စည်းစိမ်ရှိ၏။ မတရားသောသူခံရသောအခွန်မူကား၊ များစွာသော နှောင့်ယှက်ခြင်းနှင့်ယှဉ်၏။
15:7 ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
15:8 မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသောပတ္ထနာကိုကား၊ နှစ်သက်တော်မူ၏။
15:9 မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းတရားလမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
15:10 လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကိုမုန်းသောသူသည် သေရမည်။
15:11 မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် ထာဝရဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏နှလုံးသည် သာ၍ထင်ရှား၏။
15:12 မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။
15:13 ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။
15:14 ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
15:15 ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသော စိတ်နှလုံးမူကား၊ အစဉ်အမြဲ ခံရသောပွဲဖြစ်၏။
15:16 နှောင့်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော ဥစ္စာအနည်းငယ်သည် သာ၍ကောင်း၏။
15:17 ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထားသောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။
15:18 မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။
15:19 ပျင်းရိသောသူ သွားရာလမ်း၌ ဆူးပင်ဆီးကာလျက်ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
15:20 ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
15:21 ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့တတ်၏။ ဉာဏ်ရှိသောသူမူကား၊ ဖြောင့်မတ်သောအကျင့်ကို ကျင့်တတ်၏။
15:22 တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။
15:23 လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
15:24 ပညာရှိသောသူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
15:25 မာနထောင်လွှားသောသူ၏အိမ်ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်။ မုဆိုးမနေရာ အရပ်ကိုကား၊ တည်စေတော်မူမည်။
15:26 မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
15:27 မတရားသော စီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကို နှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်။
15:28 ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။
15:29 ထာဝရဘုရားသည် မတရားသောသူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ပတ္ထနာစကားကိုကား နားထောင်တော်မူ၏။
15:30 မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့် ပြည့်ဝစေတတ်၏။
15:31 အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နားထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဖော်ရသောအခွင့်ရှိ၏။
15:32 ဆုံးမခြင်းစကားကိုပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နားထောင်သောသူမူကား၊ ဉာဏ်ကိုရတတ်၏။
15:33 ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။