Proverbs 2
2:1 ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
2:2 စေတနာစိတ်နှင့် ဉာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်လည်းကောင်း၊
2:3 သိပ္ပံအတတ်ကိုခေါ်၍၊ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊
2:4 ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကို စူးစမ်းလျှင်လည်းကောင်း၊
2:5 ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကို သိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။
2:6 အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။
2:7 ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့် ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
2:8 မိမိသန့်ရှင်းသူတို့သည် တရားလမ်းကို စောင့်ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံစေတော်မူ၏။
2:9 ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ်ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည်လိမ့်မည်။
2:10 ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌မွေ့လျော်သောအခါ၊
2:11 သမ္မာသတိသည် သင့်ကိုထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
2:12 ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက်သောစကားကို ပြောတတ်သောသူ၊
2:13 ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသောလမ်းသို့ လိုက်သောသူ၊
2:14 ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ကောက်လိမ်ခြင်းကို အားရနှစ်သက်သောသူ၊
2:15 ဖြောင့်သောလမ်းသို့ မလိုက်၊ ကောက်သောလမ်းသို့သာ လိုက်သောသူတို့၏လက်မှလည်းကောင်း၊
2:16 အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမ၊
2:17 အသက်ငယ်စဉ် ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကိုမေ့လျော့သော မိန်းမလက်မှလည်းကောင်း၊ သင့်ကိုကယ်တင်လိမ့်မည်။
2:18 ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်လည်းကောင်း၊ သူလိုက်သောလမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်လည်းကောင်း စပ်ဆိုင်သဖြင့်၊
2:19 သူ၏အိမ်သို့ဝင်သောသူ တစ်စုံတစ်ယောက်မျှ မပြန်ရ။ အသက်လမ်းကိုမမီရ။
2:20 သင်သည် သူတော်ကောင်းတို့၏ လမ်းသို့လျှောက်၍၊ ဖြောင့်မတ်သောသူတို့၏ လမ်းခရီးထဲကမထွက်ဘဲ အစဉ်တစိုက် လိုက်ရမည်အကြောင်းတည်း။
2:21 ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍၊ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။
2:22 အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။