Proverbs 22
22:1 ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက် သာ၍ကောင်း၏။
22:2 ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
22:3 သမ္မာသတိရှိသောသူသည် အမှုကိုမျှော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
22:4 စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
22:5 သဘောကောက်သောလူသွားရာလမ်း၌၊ ဆူးပင်များနှင့် ကျော့ကွင်းများ ရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာရှောင်သွားလိမ့်မည်။
22:6 သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။
22:7 ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။
22:8 ဒုစရိုက်မျိုးစေ့ကိုကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုးလည်း ပျောက်လိမ့်မည်။
22:9 ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသောသူတို့ကို ကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။
22:10 မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
22:11 စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
22:12 ထာဝရဘုရား၏မျက်စိတော်သည် ပညာအတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
22:13 ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းသို့ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
22:14 အမျိုးပျက်သောမိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသောသူသည် ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
22:15 မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။
22:16 ကိုယ်စီးပွားအဖို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူနှင့်၊ ငွေရတတ်သောသူတို့အား ပေးသောသူသည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
22:17 သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နားထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
22:18 သင်၏နှလုံး၌သွင်းမိနိုင်လျှင် သာယာသောအကျိုး ရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ် အသင့်ရှိလိမ့်မည်။
22:19 သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင်ကို ယနေ့ ငါသွန်သင်၏။
22:20 သင်သည် သမ္မာတရားစကားစစ်ကို သိမည်အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာစကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသောအရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
22:22 ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
22:23 အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသောသူတို့၏အသက်ကို လုယူတော်မူမည်။
22:24 စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့် အတူမလိုက်နှင့်။
22:25 လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကို သင်၍၊ ကိုယ်အသက်ကျော့မိရာဖြစ်လိမ့်မည်။
22:26 လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။
22:27 သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
22:28 ဘိုးဘေးစိုက်ဖူးသော မြေမှတ်တိုင်တို့ကို မရွှေ့နှင့်။
22:29 ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။