Proverbs 31
31:1 လေမွေလမင်းကြီး၏မယ်တော်သည် သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
31:2 ငါ့သားအဘယ်သို့နည်း။ ငါဖွားသောသား၊ အဘယ်သို့နည်း။ ငါ၏သစ္စာကတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
31:3 သင်၏အစွမ်းသတ္တိကို မိန်းမတို့အား မပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့်အကြံ အပြုအမူတို့ကို မအပ်နှင့်။
31:4 အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသားတို့နှင့် မတော်မသင့်။
31:5 သူတို့သည်သောက်လျက် တရားတော်ကိုမေ့လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင်ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
31:6 ဆုံးလုသောသူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကိုလည်းကောင်း ပေးလော့။
31:7 ထိုသူတို့သည်သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
31:8 ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှာ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြောလော့။
31:9 စကားပြောလျက်၊ တရားသဖြင့် စီရင်လျက်၊ ဆင်းရဲငတ်မွတ်သော သူတို့၏အမှုကို စောင့်လော့။
31:10 သီလနှင့်ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။
31:11 သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။
31:12 ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တစ်သက်လုံးပြုစုတတ်၏။
31:13 သိုးမွေးနှင့် ဝါကိုရှာ၍၊ မိမိလက်နှင့် အလိုအလျောက်လုပ်တတ်၏။
31:14 ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
31:15 မိုးမလင်းမီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း၊ ပေးဝေတတ်၏။
31:16 ကောင်းမွန်စွာဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
31:17 မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သန်မြန်စေတတ်၏။
31:18 မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။
31:19 ချည်ဖြစ်စေတတ်သောတန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍ လုပ်ဆောင်တတ်၏။
31:20 ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ်သောသူတို့အား လက်ရုံးကို ဆန့်တတ်၏။
31:21 မိုးပွင့်ကျသော်လည်း၊ မိမိအိမ်သူအိမ်သားတို့အတွက် မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
31:22 ကိုယ်အဖို့ စောင်တို့ကိုရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်၏။
31:23 သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့် ထိုင်၍၊ ထင်ရှားသောသူဖြစ်ရ၏။
31:24 ချောသောအထည်အလိပ်ကို ရက်၍ ရောင်းတတ်၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ ချတတ်၏။
31:25 သူလုပ်သော အထည်အလိပ်သည် ခိုင်ခံ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည် နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
31:26 ပညာစကားကိုပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။
31:27 အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်၊
31:28 သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊
31:29 လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီဟု သူ့ကို ချီးမွမ်းတတ်၏။
31:30 ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
31:31 ထိုသို့သော မိန်းမကျင့်ရာအကျိုးကို ပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသော သုတ္တံကျမ်းပြီး၏။