Proverbs 4
4:1 ငါ့သားတို့၊ အဘ၏နည်းဥပဒေသကိုနားထောင်၍၊ ဉာဏ်သဘောကို နားလည်ခြင်းငှာ စေ့စေ့မှတ်ကြလော့။
4:2 ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။
4:3 ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသောသားဖြစ်၏။
4:4 ငါ့အဘသွန်သင်၍ မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
4:5 ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
4:6 ပညာကို မစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
4:7 ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။
4:8 သူ့ကို အမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဖက်ယမ်းလျှင်၊ ဂုဏ်အသရေကို ပေးလိမ့်မည်။
4:9 သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။
4:10 ငါ့သား၊ ငါ့စကားကို နားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။
4:11 ပညာလမ်းကို ငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
4:12 လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့ မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။
4:13 ဥပဒေသကို ကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်း ဖြစ်၏။
4:14 အဓမ္မလူတို့ လမ်းထဲသို့ မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့်အတူ မလိုက်နှင့်။
4:15 သူတို့လမ်းကို ကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။
4:16 သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။
4:17 ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
4:18 ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။
4:19 မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက်ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
4:20 ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက်တို့ကို နားသွင်းလော့။
4:21 သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
4:22 အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။
4:23 နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။
4:24 ကောက်သောစကားတို့ကိုလည်းကောင်း၊ ငြင်းဆန်တတ်သောနှုတ်ခမ်းတို့ကိုလည်းကောင်း ဝေးစွာပယ်ရှောင်လော့။
4:25 သင်၏မျက်စိသည်ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။
4:26 သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေလော့။
4:27 လက်ယာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာလမ်းကိုရှောင်လော့။