Proverbs 6
6:1 ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော်လည်းကောင်း၊
6:2 ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။
6:3 ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကိုနုတ်အံ့သောငှာ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့သွား၍၊ ကိုယ်ကိုနှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။
6:4 အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
6:5 မုဆိုးလက်မှ သမင်ဒရယ်ကိုလည်းကောင်း၊ ငှက်ကိုလည်းကောင်း နုတ်ရသကဲ့သို့ ကိုယ်ကိုနုတ်လော့။
6:6 အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
6:7 ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
6:8 နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။
6:9 အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံးအိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။
6:10 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှာ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊
6:11 ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။
6:12 ဆိုးယုတ်သောသူနှင့် မတရားသောသူသည် ကောက်လိမ်သောစကား၌ ကျင်လည်တတ်၏။
6:13 မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေးလျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
6:14 ကောက်သောစိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသောအကြံကို အစဉ် ကြံစည်တတ်၏။ သူတစ်ပါးချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်၏။
6:15 ထိုကြောင့် သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်ရာမရဘဲ ချက်ချင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
6:16 ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါးဟူမူကား၊
6:17 ထောင်လွှားသော မျက်နှာတစ်ပါး၊ မုသား၌ ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသောသူ၏ အသက်ကိုသတ်သော လက်တစ်ပါး၊
6:18 မကောင်းသော အကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သော ခြေတစ်ပါး၊
6:19 မုသားစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ တစ်ပါးတည်း။
6:20 ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။
6:21 နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။
6:22 သင်သည် အခြားသို့သွားသောအခါ၊ ထိုပညတ်တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကိုစောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက်လိမ့်မည်။
6:23 အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
6:24 ဆိုးသော မိန်းမနှင့်လည်းကောင်း၊ အမျိုးပျက်သောမိန်းမ ချော့မော့တတ်သောနှုတ်နှင့်လည်းကောင်း လွတ်စေခြင်းငှာ၊ သင့်ကိုစောင့်ဖို့ရာ ဖြစ်သတည်း။
6:25 ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကို မကျော့မိစေနှင့်။
6:26 အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။
6:27 လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ဖက်နိုင်သလော။
6:28 ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော။
6:29 သူ့မယားထံသို့ ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကို ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့် မကင်းမလွတ်နိုင်ရာ၊
6:30 မွတ်သိပ်သောစိတ်ပြေစေခြင်းငှာ၊ ခိုးသောသူပင် အပြစ်မလွတ်ရ။
6:31 တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
6:32 သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
6:33 နာကျင်စွာထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
6:34 အကြောင်းမူကား၊ ယောက်ျားသည် မယားကိုမယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန် ရောက်သောအခါ သနားခြင်းမရှိတတ်။
6:35 လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသောလက်ဆောင်တို့ကို ပေးသော်လည်း စိတ်မပြေတတ်။