Ecclesiastes 6
6:1 လူတို့တွင် အတွေ့များ၍၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
6:2 အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ်ဥစ္စာ ဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစားရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သောသူတစ်ပါးဝင်၍ ခံစားရသောအမှုသည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
6:3 လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတစ်ရာပင်ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲသေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည် သာ၍မြတ်၏။
6:4 အကြောင်းမူကား၊ ပျက်သောကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
6:5 နေကိုလည်း မမြင်ရ။ အဘယ်အရာကိုမျှ မသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက် သာ၍ ချမ်းသာရ၏။
6:6 အကယ်၍ အရင်ဆိုသောသူသည် အနှစ်နှစ်ထောင် အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။
6:7 လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဖို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သောစိတ် မပြေနိုင်။
6:8 ပညာရှိသောသူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏အကျိုးကျေးဇူးကား အဘယ်သို့နည်း။
6:9 ကိုယ်တိုင်တွေ့မြင်ခြင်းအကျိုးသည် လောဘပြန့်ပွားခြင်းအကျိုးထက် သာ၍ကြီး၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
6:10 ရှိသမျှသော အခြင်းအရာများကို မှတ်သားနှင့်ပြီ။ လူ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။
6:11 အနတ္တတိုးပွားစရာအကြောင်း များပြားသည်ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။
6:12 အရိပ်ကဲ့သို့ လွန်တတ်သောအနတ္တအသက် ကာလပတ်လုံး၊ လူ၌ ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတ္တံ့သောအမှုအရာတို့ကိုလည်း၊ အဘယ်သူပြောနိုင်သနည်း။