Isaiah 22
22:1 ဗျာဒိတ်ရူပါရုံချိုင့်နှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ သင့်တစ်မြို့လုံးသည် အိမ်မိုးပေါ်သို့တက်ရမည်အကြောင်း၊ အဘယ်အမှု ရောက်သနည်း။
22:2 အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏လူသေတို့သည် ဓားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။
22:3 သင်၏မင်းအပေါင်းတို့သည် အတူပြေးကြ၏။ လေးသမားတို့လက်၌ ချည်နှောင်လျက် ရှိကြ၏။ တွေ့သမျှသော သင်၏လူတို့သည် အဝေးသို့ပြေးသော်လည်း၊ အတူချည်နှောင်လျက် ရှိကြ၏။
22:4 ထိုကြောင့် ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာ ငိုရမည်။ ငါ့အမျိုးသတို့သမီးပျက်စီးသည်ဖြစ်၍၊ ငါ့စိတ်ပြေစေခြင်းငှာ မကြိုးစားပါနှင့်။
22:5 ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ယှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။
22:6 ဧလံအမျိုးသည် မြားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့်တကွ လာ၏။ ကိရအမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။
22:7 သင်၏အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့်ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချကြ၏။
22:8 ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံသိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။
22:9 ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှ ထွက်သောရေကို စုဝေးစေကြလိမ့်မည်။
22:10 ယေရုရှလင်မြို့၌ရှိသော အိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကိုပြုပြင်လိုသောငှာ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။
22:11 ရေကန်ဟောင်းမှ ထွက်သောရေ စုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးကဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ။
22:12 ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်းအလိုငှာ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော်တိုက်တွန်းတော်မူသော်လည်း၊
22:13 ကြည့်ပါ။ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွားများကို သတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းအမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆိုကြသည်တကား။
22:14 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ်ပေးတော်မူသည်ကား၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေမရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
22:15 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ် ရှေဗနအိမ်သို့ သွားပြီးလျှင်၊
22:16 မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့ထွင်းစေခြင်းငှာ၊ ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့် ဆိုင်သနည်း။
22:17 ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန်ကိုင်ဖမ်း၍၊
22:18 တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကျက်သရေရထားတို့သည်၊ သင့်အရှင်၏အမျိုး အရှက်ကွဲစရာဖြစ်ရကြလိမ့်မည်။
22:19 ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှသင့်ကိုချမည်။
22:20 ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏သားဧလျာကိမ်ကို ငါခေါ်၍၊
22:21 သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏အစိုးရသောအခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏အဘဖြစ်လိမ့်မည်။
22:22 ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။
22:23 မြဲသောအရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏အိမ်၌ ကျက်သရေပလ္လင်ဖြစ်လိမ့်မည်။
22:24 သူ၏အဘအိမ်၌ ရှိသမျှသောဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ ဆွဲထားကြလိမ့်မည်။
22:25 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသောဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။