Jeremiah 9
9:1 ငါ၏လူမျိုးသတို့သမီးနှင့်ဆိုင်သော အသေကောင်များအတွက်၊ ငါသည်နေ့ညမပြတ် ငိုရမည်အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက်သောစမ်းဖြစ်ပါစေသော။
9:2 ငါသည် ငါ၏လူမျိုးကိုစွန့်၍ ထွက်သွားနိုင်အောင် တော၌ တဲစခန်းရှိပါစေသော။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသောသူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။
9:3 သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသားနှင့်တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
9:4 လူတိုင်း မိမိအပေါင်းအဖော်ကို သတိပြုလော့။ မိမိညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်းအဖော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြလိမ့်မည်။
9:5 အပေါင်းအဖော်ရှိသမျှတို့သည် တစ်ယောက်ကိုတစ်ယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြောဘဲ မုသားစကားကို ပြောခြင်းငှာ မိမိတို့လျှာကို သွန်သင်ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကိုကိုယ် ပင်ပန်းစေကြပြီ။
9:6 သင်၏နေရာသည် မုသားအရပ်၌ရှိ၏။ အရပ်သားတို့သည် မုသားကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။
9:7 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သူတို့ကိုအရည်ကျို၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုးသတို့သမီး၌ အဘယ်သို့ ငါပြုရမည်နည်း။
9:8 သူတို့လျှာသည် သေစေတတ်သောမြား ဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဖော်ချင်းတို့သည် နှုတ်ဖြင့် လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။
9:9 ထိုသို့သောအပြစ်တို့ကို ငါမစစ်ကြောဘဲနေရမည်လော။ ထိုသို့သော အမျိုးကိုဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲနေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
9:10 တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည် မလျှောက်မသွားရ။ သိုးနွား မြည်သံကို မကြားရ။ မိုးကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။
9:11 ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေးနေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
9:12 ဤအမှုကို နားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ်သူနည်း။ အဘယ်သူမျှ လျှောက်၍မသွားနိုင်အောင်၊ တစ်ပြည်လုံးသည် တောကဲ့သို့မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီးသနည်း။
9:13 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကို နားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊
9:14 မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသို့လည်းကောင်း၊ မိရိုးဖလာအတိုင်း ဗာလဘုရားတို့ နောက်သို့လည်းကောင်း လိုက်ကြသောကြောင့်၊
9:15 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကိုတိုက်မည်။
9:16 သူတို့မသိ၊ ဘိုးဘေးမသိဖူးသောလူမျိုးတို့တွင် အရပ်ရပ်၌ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမီတိုင်အောင်၊ သူတို့နောက်သို့ ဓားဘေးကို စေလွှတ်မည်။
9:17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည်မတို့ကို ခေါ်၍လာကြစေ။ လိမ္မာသောမိန်းမတို့ရှိရာသို့ စေလွှတ်၍ လာကြစေ။
9:18 ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲကတွေတွေ စီးထွက်စေခြင်းငှာ၊ ထိုမိန်းမတို့သည် အလျင်အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။
9:19 နားထောင်ကြ။ ဇိအုန်မြို့၌ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူဖျက်ဆီးခြင်းကို ခံရသည်တကား။ သူတစ်ပါးတို့သည် ငါတို့နေရာများကိုဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကိုစွန့်၍ အလွန် မိန်းမောတွေဝေကြသည်တကား။
9:20 အိုမိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏သမီးတို့အား ငိုကြွေးခြင်းကိုလည်းကောင်း၊ အသီးအသီး အပေါင်းအဖော်တို့အား မြည်တမ်းခြင်းကိုလည်းကောင်း သွန်သင်ကြလော့။
9:21 သေမင်းသည် ငါတို့ပြတင်းပေါက်သို့တက်၍၊ ငါတို့ ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ်ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။
9:22 ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူသေကောင်တို့သည် လယ်ပြင်၌ နောက်ချေးကဲ့သို့လည်းကောင်း၊ သိမ်းသူမရှိ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သောကောက်လှိုင်းကဲ့သို့လည်းကောင်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့။
9:23 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။
9:24 ဝါကြွားသောသူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသော ထာဝရဘုရားဖြစ်ကြောင်းတည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
9:25 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရေဖျားလှီးခြင်းကို ခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊
9:26 အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကိုရိတ်တတ်သောလူမျိုး၊ တော၌နေသောသူအပေါင်းတို့ကို ငါဆုံးမရသော အချိန်ကာလရောက်လိမ့်မည်။ တစ်ပါးအမျိုးသားအပေါင်းတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံးအားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။