Ezekiel 10
10:1 တစ်ဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့အထက် မိုးမျက်နှာကြက်၌ နီလာကျောက်ကဲ့သို့၊ ရာဇပလ္လင်၏သဏ္ဌာန်အရောင်သည် ထင်ရှား၏။
10:2 ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထားဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဖက်နှင့် ကျုံးပြီးလျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌ သွား၏။
10:3 ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ယာဘက်မှာရပ်၍၊ အတွင်းတံတိုင်းသည် မိုးတိမ်နှင့်ပြည့်၏။
10:4 ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ်အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ တံတိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့် ပြည့်၏။
10:5 အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကိုကြားရ၏။
10:6 ပိတ်အဝတ်ကို ဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
10:7 ခေရုဗိမ်တစ်ပါးသည် ခေရုဗိမ်စုထဲက လက်ကိုဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်းခံယူ၍ ထွက်သွား၏။
10:8 ခေရုဗိမ်အတောင်အောက်၌ လူလက်ကိုလည်း ငါမြင်၏။
10:9 ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီးတစ်ခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်းအရောင် ရှိ၏။
10:10 ဘီးလေးခုတို့သည် ပုံသဏ္ဌာန်တစ်ညီတည်းရှိ၍၊ ဘီးတစ်ခုထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ရှိကြ၏။
10:11 သွားသောအခါ ဘီးလေးမျက်နှာတညီတည်းနေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာ ပြုသောဘက်သို့ လိုက်၍ မလှည့်ဘဲ သွားကြ၏။
10:12 ဘီးလေးခုနှင့်တကွ ခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တစ်ကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။
10:13 ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ်သည်ကို ငါကြား၏။
10:14 ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။
10:15 ထိုခေရုဗိမ်တို့သည် ချီကြွလျက်ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသော သတ္တဝါပေတည်း။
10:16 ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှတက်အံ့သောငှာ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့သည် မကွာဘဲလိုက်ကြ၏။
10:17 သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။
10:18 ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ၏။
10:19 ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား၏အိမ်တော်ရှေ့ တံခါးဝမှာရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက်ရှိ၏။
10:20 ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလအမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဖူးသောသတ္တဝါပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။
10:21 သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးခုစီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။
10:22 မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသောမျက်နှာနှင့် တူ၏။ ကိုယ်အဆင်းအရောင်လည်းတူ၏။ ထိုသူလေးပါးတို့သည် တည့်တည့်သွားတတ်ကြ၏။