Ezekiel 3
3:1 တစ်ဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကို စားပြီးလျှင်၊ ဣသရေလအမျိုးသားတို့ရှိရာသို့ သွား၍ ဟောပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
3:2 ငါသည် ပါးစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူလျက်၊
3:3 အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်စား၍ ပါးစပ်၌ပျားရည်ကဲ့သို့ ချို၏။
3:4 တစ်ဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။
3:5 သင်မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုးရှိရာသို့ စေလွှတ်၏။
3:6 သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။
3:7 ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့် ခိုင်မာသော နှလုံးရှိကြ၏။
3:8 သို့ရာတွင်၊ သူတို့မျက်နှာတစ်ဖက်၌ သင်၏မျက်နှာကိုလည်းကောင်း၊ သူတို့နဖူးတစ်ဖက်၌ သင်၏နဖူးကိုလည်းကောင်း ငါခိုင်ခံ့စေပြီ။
3:9 သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက်သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည် မကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။
3:10 တစ်ဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတ္တံ့သမျှသောစကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
3:11 သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသားချင်းတို့ ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟု၊ သူတို့နားထောင်သည် ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
3:12 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ ထာဝရဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု၊ ငါ့နောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။
3:13 တစ်ခုနှင့် တစ်ခု စပ်လျက်ရှိသော သတ္တဝါတို့၏အတောင်များ မြည်သံကိုလည်းကောင်း၊ သူတို့အနားမှာ ဘီးများမြည်သံကိုလည်းကောင်း၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကိုလည်းကောင်း ငါကြားရ၏။
3:14 ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ၍၊ ငါသည်ခါးသောစိတ်၊ ပူပန်သောစိတ်နှင့် လိုက်ရ၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံစွာတင်လျက်ရှိ၏။
3:15 သိမ်းသွားခြင်းကိုခံရ၍၊ ခေဗာမြစ်နား၊ တေလဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက်၍၊ သူတို့နေရာအရပ်၌ ခုနစ်ရက်ပတ်လုံး မိန်းမောတွေဝေလျက်နေ၏။
3:16 ခုနစ်ရက်လွန်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
3:17 အချင်းလူသား၊ သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကိုနားထောင်၍ သူတို့အား ဆင့်ဆိုလော့။
3:18 သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည် သတိမပေး၊ လူဆိုး၏ အသက်ကို ချမ်းသာစေခြင်းငှာ၊ လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။
3:19 သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက်နှင့် သူသည် မိမိပြုသော ဒုစရိုက်ကိုလည်းကောင်း၊ မိမိလိုက်သော အဓမ္မလမ်းကိုလည်းကောင်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီ။
3:20 တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ ဒုစရိုက်ကိုပြုလျှင်လည်းကောင်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာ ငါထားလျှင်လည်းကောင်း သူသည် သေလိမ့်မည်။ သင်သည် သတိမပေးသောကြောင့်၊ သူသည် မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဖူးသော တရားကို ပမာဏမပြုရ။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။
3:21 သို့မဟုတ်၊ ဖြောင့်မတ်သောသူသည် ဒုစရိုက်ကို မပြုမည်အကြောင်း၊ သင်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသော ကျေးဇူးကြောင့် စင်စစ် အသက်ချမ်းသာလိမ့်မည်။ သင်သည်လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီဟု မိန့်တော်မူ၏။
3:22 တစ်ဖန် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာတင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည်အတိုင်း၊
3:23 ငါသည် ထ၍ လွင်ပြင်သို့သွား၏။ ရောက်သောအခါခေဗာမြစ်နားမှာ ငါမြင်ဖူးသော ထာဝရဘုရား၏ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။
3:24 ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။
3:25 အချင်းလူသား၊ သင်သည် ကြိုးနှင့်ချည်နှောင်ခြင်းကိုခံ၍ သူတို့တွင် မထွက်ရ။
3:26 သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှာ၊ စကားအလျက် သင့်လျှာကို အာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြ၏။
3:27 သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရားမိန့်တော်မူ၏ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသူသည် နားမထောင်ဘဲနေစေ။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြသည်ဟု မိန့်တော်မူ၏။