Ezekiel 48
48:1 ဣသရေလအမျိုး ခရိုင်စုအမည်ကား၊ မြောက်ဘက်၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက်၊ ဟာမတ်မြို့နယ် တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်လည်းကောင်း ဒန်ခရိုင်ရှိရမည်။
48:2 ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
48:3 အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
48:4 နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှေခရိုင်ရှိရမည်။
48:5 မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
48:6 ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
48:7 ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
48:8 ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ခရိုင်အလျားနှင့် ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာနရှိရမည်။
48:9 ထာဝရဘုရားအား ပူဇော်ရသောမြေကွက်မူကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။
48:10 ထိုသန့်ရှင်းသော ပူဇော်သကာသည် ယဇ်ပရောဟိတ်ဖို့ ဖြစ်၍ မြောက်ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
48:11 ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကိုအစဉ်ဆောင်၍ သန့်ရှင်းသော ဇာဒုတ်သား ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။
48:12 လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ အလွန်သန့်ရှင်းသောမြေ ဖြစ်ရမည်။
48:13 ယဇ်ပုရောဟိတ် မြေအနားမှာလေဝိလူနေရာ မြေကွက်သည် အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။
48:14 ထိုမြေသည် ထာဝရဘုရားအဖို့သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသောဥစ္စာနှင့် မဖယ်လှယ်ရ။ အဖိုးနှင့် မရောင်းရ။
48:15 နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည်စရာဖို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
48:16 မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌ လေးထောင်ငါးရာ၊ အရှေ့ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။
48:17 မြို့နယ်ကား၊ မြောက်ဘက်၌ နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
48:18 သန့်ရှင်းသော မြေအနားမှာ အလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်း ကျယ်သောမြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဖို့ဖြစ်ရမည်။
48:19 မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်းထဲက ရွေးကောက်ရမည်။
48:20 ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
48:21 ထိုသန့်ရှင်းသော ပူဇော်သကာမြေနှင့် မြို့နယ်နှစ်ဖက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဖို့ ဖြစ်ရမည်။ သန့်ရှင်းသောပူဇော်သကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။
48:22 ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဖက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဖို့ဖြစ်ရမည်။
48:23 ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
48:24 ဗင်္ယာမိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင် ရှိရမည်။
48:25 ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင် ရှိရမည်။
48:26 ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင် ရှိရမည်။
48:27 ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင် ရှိရမည်။
48:28 ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။
48:29 ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေခံစရာဖို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
48:30 မြို့မှထွက်ရာတံခါးများ ဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊
48:31 မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
48:32 မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
48:33 မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
48:34 မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
48:35 ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တစ်သောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။