Leviticus 13
13:1 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
13:2 လူသည် ကိုယ်အရေ၌ အဖုဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ်တစ်စုံတစ်ယောက်ထံသို့ဖြစ်စေ ခေါ်ခဲ့ရမည်။
13:3 ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ပေါ်သောအနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည်ဖြူလျှင်လည်းကောင်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်လည်းကောင်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကိုကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟုစီရင်ရမည်။
13:4 ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်လည်းကောင်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်လည်းကောင်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
13:5 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တစ်ဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
13:6 တစ်ဖန် သတ္တမနေ့၌ကြည့်ရှု၍ အနာသည် အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
13:7 စင်ကြယ်စေခြင်းငှာ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တစ်ဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊
13:8 ယားနာတိုးပွားသည်ကို မြင်သောအခါ၊ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။
13:9 နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။
13:10 ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖုနှင့်တကွ အမွေးသည်ဖြူလျှင်လည်းကောင်း၊ အဖု၌ အသားစိုရှိလျှင်လည်းကောင်း၊
13:11 ကိုယ်အရေ၌ ဟောင်းသောနူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်၍ ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။
13:12 နူနာသည် အရေ၌တိုးပွား၍ အနာစွဲသောသူတစ်ကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဖဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊
13:13 ထိုသို့ တစ်ကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍စီရင်ရမည်။ တစ်ကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။
13:14 သို့မဟုတ် အသားစိုပေါ်လျှင်မစင်ကြယ်။
13:15 ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။
13:16 အသားစိုသည် ခြားနား၍ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တစ်ဖန်လာရမည်။
13:17 ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူစင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရသဖြင့် သူသည်စင်ကြယ်၏။
13:18 ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ပျောက်ပြီးမှ၊
13:19 အနာရွတ်၌ ဖြူသောအဖုဖြစ်စေ၊ ဖြူနီသောအနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊
13:20 အရေအောက်၌စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ အနာစိမ်းထဲကထွက်သော နူနာဖြစ်၏။
13:21 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကိုခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
13:22 အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
13:23 သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။
13:24 အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာအသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊
13:25 ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။
13:26 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ ဖြူသောအမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
13:27 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ နူကွက်သည် အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
13:28 သို့မဟုတ် နူကွက်မရွေ့၊ အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာအဖုဖြစ်၏။ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။
13:29 ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊
13:30 ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။
13:31 ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သောအမွေးလည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟိတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
13:32 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာမတိုးပွား၊ ပါးသောအမွေးမရှိ၊ အရေအောက်၌စွဲဟန်လည်းမရှိလျှင်၊
13:33 ထိုသူ၏ အမွေးကိုရိတ်ရမည်။ အနာအမွေးကိုကား မရိတ်ရ။ တစ်ဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
13:34 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အရေ၌အနာမတိုးပွား၊ အရေအောက်၌မစွဲလျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
13:35 စင်ကြယ်စေပြီးမှ၊ နောက်တစ်ဖန် ဗောက်နူနာတိုးပွားလျှင်၊
13:36 ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍ အနာတိုးပွားသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေးကို မရှာရ။ ထိုသူသည်မစင်ကြယ်။
13:37 သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။
13:38 ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ဖြူသောနူကွက်ရှိ၍၊
13:39 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။
13:40 ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။
13:41 နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ်၏။
13:42 ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သောနူနာဖြစ်၏။
13:43 ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သော အနာ၏အဖု ဖြူနီလျှင်၊
13:44 ထိုသူသည်မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။
13:45 နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။
13:46 ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည်ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တစ်ယောက်တည်းနေရမည်။ သူ့နေရာသည် တပ်ပြင်မှာရှိရမည်။
13:47 ၎င်းနည်း နူနာစွဲသောအဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွေးအဝတ်ဖြစ်စေ၊
13:48 ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အသုံးအဆောင်ဖြစ်စေ၊
13:49 အဝတ်၌စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အားပြရမည်။
13:50 ယဇ်ပုရောဟိတ်သည် အနာစွဲသောအဝတ်ကိုကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။
13:51 သတ္တမနေ့၌ တစ်ဖန်ကြည့်ရှု၍ အဝတ်၌အနာတိုးပွားလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ၊ မစင်ကြယ်။ စားတတ်သောနူနာစွဲပြီ။
13:52 ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သောနူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။
13:53 ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာမတိုးပွားလျှင်၊
13:54 အနာစွဲသောအရာကို ဆေးလျှော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ်စီရင်၍ တစ်ဖန် ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။
13:55 ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွားသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
13:56 ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကိုဆုတ်ဖဲ့ရမည်။
13:57 နောက်တစ်ဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။
13:58 ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက်လျှင်၊ ဒုတိယအကြိမ်ဆေးလျှော်၍ စင်ကြယ်ရ၏။
13:59 ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုစီရင်စေခြင်းငှာ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။