Leviticus 2
2:1 ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ မုန့်ညက်ကိုဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်းထည့်ပြီးမှ၊
2:2 အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
2:3 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
2:4 မီးဖို၌ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီနှင့်မုန့်ညက်ဖြင့်လုပ်သော တဆေးမဲ့ မုန့်ပြားသော်လည်းကောင်း၊ ဆီလူးသော တဆေးမဲ့မုန့်ကြွပ်သော်လည်းကောင်း ဖြစ်ရမည်။
2:5 သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသောမုန့်ညက်နှင့် လုပ်ရမည်။
2:6 ထိုမုန့်ကိုချိုးဖဲ့၍ ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သကာ ဖြစ်သတည်း။
2:7 အိုးကင်းနှင့်ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့် လုပ်ရမည်။
2:8 ထိုဘောဇဉ်ပူဇော်သကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။
2:9 ထိုဘောဇဉ်ပူဇော်သကာထဲက အတွက်အတာကိုနှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
2:10 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသောအရာဖြစ်၏။
2:11 ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။
2:12 အဦးသီးသော အသီးအနှံကို ပူဇော်သောအမှုမှာ၊ တဆေးနှင့်ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးမရှို့ရ။
2:13 ဘောဇဉ်ပူဇော်သကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ်ပူဇော်သကာ၌၊ သင်၏ဘုရားသခင်ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
2:14 အဦးသီးသောအသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊
2:15 ဆီကိုလောင်း၍၊ လောဗန်ကိုတင်လျက်၊ ပူဇော်သကာကိုပြုရမည်။ ဘောဇဉ်ပူဇော်သကာဖြစ်သတည်း။
2:16 ပွတ်ယူသောစပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ်ပူဇော်သကာ အတွက်အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖြစ်သတည်း။