Leviticus 23
23:1 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
23:2 သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊
23:3 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကိုပြုရသောနေ့ ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
23:4 အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ပွဲတော်များဟူမူကား၊
23:5 ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။
23:6 ၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဖို့ အဇုမပွဲကိုခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။
23:7 ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
23:8 ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာကိုပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရဟု မိန့်တော်မူ၏။
23:9 တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
23:10 သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးကိုရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။
23:11 သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
23:12 ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
23:13 ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
23:14 သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သကာကိုဆောင်ခဲ့သောနေ့ မရောက်မီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
23:15 ချီလွှဲရာပူဇော်သကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
23:16 သတ္တမဥပုသ်နေ့အလွန်နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာအသစ်ကို ဆက်ရကြမည်။
23:17 ထာဝရဘုရားအဖို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍၊
23:18 ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ်အထီးတစ်ကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။
23:19 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယယဇ်ဖို့ အခါလည်သောသိုးသငယ်နှစ်ကောင်ကိုလည်းကောင်း ပူဇော်၍၊
23:20 ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
23:21 ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။
23:22 ကိုယ်မြေ၌ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင်ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ၊ ဧည့်သည်အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
23:23 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
23:24 သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။
23:25 လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
23:26 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
23:27 သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကိုဆက်ကပ်ရမည်။
23:28 ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
23:29 ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။
23:30 ထိုနေ့၌ အလုပ်တစ်စုံတစ်ခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။
23:31 အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
23:32 ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။
23:33 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
23:34 သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ သကေနေပွဲကိုခံရကြမည်။
23:35 ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ အလုပ်ကိုမလုပ်ရ။
23:36 ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။ ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။
23:37 ဤရွေ့ကား၊ ထာဝရဘုရား၏ဥပုသ်နေ့၊ ထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့်ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှတစ်ပါး၊ နေ့ရက်အသီးအသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သကာကို ပြုစေခြင်းငှာ စီရင်ရသောဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း။
23:39 ထိုမှတစ်ပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအားပွဲခံရကြမည်။ ပထမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ရကြမည်။
23:40 ပထမနေ့၌ ကောင်းမွန်သောသစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော အရွက်များသောအပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကိုပြုရကြမည်။
23:41 ထိုပွဲတော်ကို တစ်နှစ်တစ်နှစ်လျှင်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ခံရကြမည်။
23:42 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောအခါ၊
23:43 သစ်ခက်တဲ၌နေစေကြောင်းကို သင်တို့အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနစ်ရက်ပတ်လုံးနေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
23:44 မောရှေသည်လည်း၊ ထာဝရဘုရား၏ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။