Leviticus 25
25:1 တစ်ဖန် သိနာတောင်ပေါ်မှာ၊ မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
25:2 သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဖို့ ဥပုသ်စောင့်ရမည်။
25:3 ခြောက်နှစ်ပတ်လုံးလယ်လုပ်လျက် စပျစ်ဥယျာဉ်ကိုသုတ်သင်၍ အသီးကိုသိမ်းလျက်နေရမည်။
25:4 သတ္တမနှစ်သည်၊ ထာဝရဘုရားအဖို့ဥပုသ်နှစ်၊ တစ်ပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊
25:5 လယ်၌ အလိုလိုပေါက်သောအသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တစ်ပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။
25:6 ပြည်ဥပုသ်တည်းဟူသော အလိုလိုဖြစ်ပွားသောအရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ကျွန်၊ ကျွန်မ၊ သူငှား၊ ဧည့်သည်စားစရာ၊
25:7 သင်၏ပြည်၌ရှိသော သားယဉ်သားရဲ စားစရာဖြစ်ရသည်။
25:8 ဥပုသ်နှစ် ခုနစ်နှစ်ကိုရေတွက်၍၊ ခုနစ်နှစ် ခုနစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊
25:9 သတ္တမလဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တစ်ပြည်လုံး မှုတ်စေရမည်။
25:10 ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တစ်ပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။
25:11 ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှမရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။
25:12 ယုဘိလနှစ်သည် သန့်ရှင်းသောနှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာစားရမည်။
25:13 ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သောမြေသို့ ပြန်ရမည်။
25:14 သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကိုပြုလျှင်၊ တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။
25:15 ယုဘိလနှစ်လွန်၍ လိုသေးသောနှစ်ပေါင်း၊ အသီးအနှံသီးလတ္တံ့သော နှစ်ပေါင်းကိုရေတွက်၍ ရောင်းဝယ်မှုကိုပြုရမည်။
25:16 ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဖိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။
25:17 သင်တို့သည် တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
25:18 သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။
25:19 မြေသည်လည်း မိမိအသီးအနှံကိုပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြလိမ့်မည်။
25:20 သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကိုမသိမ်းရပါတကားဟု ဆိုလျှင်၊
25:21 အဋ္ဌမတွင် သင်တို့ကိုငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဖို့ အသီးအနှံကိုဖြစ်စေမည်။
25:22 သင်တို့သည် အဋ္ဌမနှစ်တွင်လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကိုသိမ်းရာ ကာလတိုင်အောင် ဟောင်းသောအသီးအနှံကို စားရကြမည်။
25:23 မြေကို သူတစ်ပါးအစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။
25:24 သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနုတ်ရသောအခွင့်ကို ပေးရကြမည်။
25:25 သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကိုရောင်းလျှင်လည်းကောင်း၊ သူ၏ပေါက်ဖော်တစ်စုံတစ်ယောက်သည် ဝယ်ခြင်းငှာလာလျှင်လည်းကောင်း၊ မိမိပေါက်ဖော် ရောင်းသောဥစ္စာကို ရွေးနုတ်ရသောအခွင့်ရှိရမည်။
25:26 ထိုမြေကို ရွေးနုတ်သောသူတစ်ယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနုတ်နိုင်လျှင်၊
25:27 မိမိမြေသို့ ပြန်အံ့သောငှာ၊ ရောင်း၍လွန်သော နှစ်ပေါင်းကိုရေတွက်ပြီးမှ၊ လိုသေးသောအဖိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။
25:28 ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။
25:29 မြို့ထဲ၌ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တစ်နှစ်အတွင်းတွင် ရွေးနုတ်သောအခွင့်ရှိစေရမည်။
25:30 တစ်နှစ်အတွင်းတွင် မရွေးနုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။
25:31 မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။
25:32 သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနုတ်ရသောအခွင့်ရှိ၏။
25:33 လေဝိသားပိုင်သောမြို့ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း၊ သူတစ်ပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ်နေရာမြို့အိမ်မှ တစ်ပါးအခြားသော ဥစ္စာမရှိ။
25:34 သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကိုမရောင်းရ။ အစဉ်အမြဲပိုင်ရမည်။
25:35 သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တစ်ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်။
25:36 သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာနေစေခြင်းငှာ၊ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။
25:37 အတိုးအပွားကိုမျှော်လင့်၍ ငွေကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း သူ၌မချေးမငှားရ။
25:38 ငါသည် ခါနာန်ပြည်ကိုသင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
25:39 သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍ သင်၌အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကိုအနိုင်မပြုရ။
25:40 သူသည်သူငှားကဲ့သို့လည်းကောင်း၊ ဧည့်သည်ကဲ့သို့လည်းကောင်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။
25:41 ထိုအခါ သူသည် သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။
25:42 အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှငါနုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံကျွန်ဖြစ်စေခြင်းငှာ၊ မရောင်းရ။
25:43 သူ့ကို ကြမ်းတမ်းစွာမစီရင်ရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။
25:44 သင်သည်စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့်ပတ်လည်ဝန်းကျင်တို့၌ နေသောသာသနာပလူတို့တွင် ဝယ်ရမည်။
25:45 ထိုမှတစ်ပါး၊ သင်တို့တွင်တည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားတို့ကိုလည်းကောင်း၊ သင်တို့ပြည်၌ သူတို့ရသောသားသမီးများကိုလည်းကောင်း ဝယ်၍ပိုင်ရမည်။
25:46 သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တစ်ယောက်ကိုတစ်ယောက် ကြမ်းတမ်းစွာမစီရင်ရ။
25:47 သင့်အနားမှာတည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏အမျိုးသားချင်းဆင်းရဲသဖြင့်၊ သင့်အနားမှာတည်းနေသော တစ်ကျွန်းတစ်နိုင်ငံသား၌လည်းကောင်း၊ သူ၏သားမြေး၌လည်းကောင်း၊ ကိုယ်ကိုရောင်းချလျှင်၊
25:48 ရောင်းပြီးမှ ရွေးနုတ်သောအခွင့် ရှိစေရမည်။ မိမိအမျိုးသား တစ်စုံတစ်ယောက်သည် ရွေးနုတ်ရမည်။
25:49 ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဖော်ရင်း တစ်စုံတစ်ယောက်သည် ရွေးနုတ်ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနုတ်ရမည်။
25:50 သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကိုရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍လည်းကောင်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍လည်းကောင်း၊ ကိုယ်အဖိုးကိုစီရင်ရမည်။
25:51 ယုဘိလနှစ်မရောက်မီ၊ အစေခံရသော နှစ်ပေါင်းအနည်းအများကို ရေတွက်၍၊
25:52 လိုသေးသော နှစ်ပေါင်းအနည်းအများအလိုက် ရွေးရန်အဖိုးကို၊ ဝယ်ရင်းငွေထဲက နုတ်၍ပြန်ပေးရမည်။
25:53 ထိုသူသည် တစ်နှစ်နောက်တစ်နှစ်၊ သူငှားကဲ့သို့နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကိုမခံရ။
25:54 ထိုသို့သောနည်းဖြင့် မရွေးမနုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှလွှတ်ရမည်။
25:55 အကြောင်းမူကား ဣသရေလအမျိုးသားတို့သည်၊ ငါ၏အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်ခဲ့သော ငါ၏အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။