Leviticus 27
27:1 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
27:2 လူသည်သစ္စာကတိပြု၍ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဖိုးဖြတ်သည်အတိုင်း ထာဝရဘုရား၏ဘဏ္ဍာတော် ဖြစ်ရမည်။
27:3 သင်သည် အဘယ်မျှ အဖိုးဖြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။
27:4 မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဖိုးဖြတ်ရမည်။
27:5 အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကိုအကျပ်တစ်ဆယ်နှင့် အဖိုးဖြတ်ရမည်။
27:6 အသက်တစ်လမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဖိုးဖြတ်ရမည်။
27:7 အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကိုဆယ်ငါးကျပ်၊ မိန်းမကိုတစ်ဆယ်နှင့် အဖိုးဖြတ်ရမည်။
27:8 သင်အဖိုးဖြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာကတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဖိုးဖြတ်ရမည်။
27:9 လူသည်တိရစ္ဆာန်ကို ထာဝရဘုရားအားပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။
27:10 ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တစ်ကောင်အတွက် တစ်ကောင်ကိုမလဲရ။ လဲလိုလျှင်၊ နှစ်ကောင်စလုံးသန့်ရှင်းရမည်။
27:11 ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊
27:12 ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
27:13 ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။
27:14 လူသည်မိမိအိမ်ကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
27:15 ထိုအိမ်ကို သန့်ရှင်းစေသောသူရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ အိမ်ကိုယူရမည်။
27:16 လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဖိုးဖြတ်ရမည်။ မျိုးစေ့ တစ်ဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။
27:17 ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
27:18 ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ဖြတ်သောအဖိုးရင်းငွေကို လျှော့ရမည်။
27:19 မိမိလယ်ကို သန့်ရှင်းစေသောသူသည် ရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ လယ်ကိုအပိုင်ယူရမည်။
27:20 သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအားရောင်းမိလျှင်၊ နောက်တစ်ဖန် မရွေးရ။
27:21 ယုဘိလနှစ်တွင် ထိုလယ်သည်အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ဥစ္စာ ဖြစ်ရမည်။
27:22 လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်၊
27:23 ယုဘိလနှစ်တိုင်အောင်ဖြတ်သောအဖိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသောနေ့၌ အဖိုးဖြတ်သောငွေကို ပေးရမည်။
27:24 ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။
27:25 အဖိုးဖြတ်လေရာရာ၌ အကျပ်တော်အလိုက်ဖြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
27:26 ထာဝရဘုရားပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
27:27 မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဖိုးဖြတ်သည်အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဖိုးဖြတ်သည်အတိုင်းရောင်းရမည်။
27:28 သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။
27:29 လူကိုပင် ကျိန်ဆို၍ပူဇော်လျှင်၊ နောက်တစ်ဖန်မရွေးရ၊ သတ်ရမည်။
27:30 စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့သန့်ရှင်းရမည်။
27:31 ဆယ်စုတစ်စုကိုရွေးလိုလျှင်၊ အဖိုးရင်းနှင့်ငါးစုတစ်စုကို ထပ်၍ပေးရမည်။
27:32 နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသောအကောင် ဆယ်စုတစ်စုသည်၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။
27:33 ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တစ်ကောင်အတွက် တစ်ကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံးသန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။
27:34 ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဖို့ မောရှေ၌ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။