Obadiah 1
1:1 အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
1:2 သင့်ကို တစ်ပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်းငှာ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချခြင်းရှိလိမ့်မည်။
1:3 ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကိုမြေသို့ အဘယ်သူနှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။
1:4 သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကိုချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကိုလုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1:5 ညအခါ သူခိုးဓားပြတို့သည် သင်ရှိရာသို့ လာလျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာလျှင်၊ သူတစ်ပါးလိုက်၍ ဆွတ်စရာဖို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
1:6 သင်သည် အလွန်ပျက်စီးပြီတကား။ ဧသောသည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသောဥစ္စာကို အလွန်ရှာဖွေကြသည် တကား။
1:7 သင်နှင့် မိတ်သဟာယဖွဲ့သော သူအပေါင်းတို့သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကိုလှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက်သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင်ထားကြပြီ။ သင်၏ဉာဏ်ပညာကုန်ပြီ။
1:8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ဧဒုံပြည်မှ ပညာရှိတို့ကိုလည်းကောင်း၊ ဧသော၏တောင်မှ ဉာဏ်ကောင်းသော သူတို့ကိုလည်းကောင်း ငါပယ်ရှားမည်။
1:9 အို တေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏သူရဲတို့သည် ကြောက်ကြလိမ့်မည်။
1:10 သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ၍၊ အကုန်အစင် ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
1:11 သင်သည် တစ်ဖက်၌နေသောနေ့၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသောနေ့၊ တစ်ပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
1:12 သင်၏ညီသည် တစ်ပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
1:13 ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာ တံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
1:14 လွတ်သောသူတို့ကို ဆီးတားခြင်းငှာ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
1:15 အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက်သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အတိုင်း သင်၌ သူတစ်ပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။
1:16 ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင်ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုးအပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက်၍မျိုသဖြင့် မရှိဖူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။
1:17 ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ် ဖြစ်လိမ့်မည်။ ယာကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။
1:18 ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရဘုရားမိန့်တော်မူပြီ။
1:19 တောင်မျက်နှာသားတို့သည် ဧသော၏တောင်ကိုလည်းကောင်း၊ မြေညီသော အရပ်သားတို့သည် ဖိလိတ္တိပြည်ကိုလည်းကောင်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကိုလည်းကောင်း၊ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။
1:20 သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်လည်းကောင်း၊ သိမ်းသွားခြင်းကိုခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။
1:21 ဧသော၏တောင်ကို တရားစီရင်ခြင်းငှာ ကယ်တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့်မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏နိုင်ငံတော် ဖြစ်လိမ့်သတည်း။ ပရောဖက်ဩဗဒိ၏ ဗျာဒိတ်ရူပါရုံ ပြီး၏။